စစ်အာဏာရှင်စနစ်၊ တရုတ်ဖိအားနဲ့ ဗမာ့ ပြည်တွင်းစစ်

ဒီရက်ပိုင်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ မြန်မာနောင်း သတင်းဆောင်းပါးနဲ့ စချင်ပါတယ်။ ‘မင်းအောင်လှိုင် စစ်အုပ်စု ပြုတ်ကျမည်ကို တရုတ်က မလိုလားကြောင်း လျှို့ဝှက် အစည်းအဝေး မှတ်တမ်းက ဖော်ပြနေ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနောင်းက အောက်တိုဘာ ၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ‘လျှို့ဝှက် အစည်းအဝေး မှတ်တမ်း’ ဆိုတာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ယူနန်ပြည်နယ်တောင်ပိုင်း ဖူးအာမြို့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို ဆိုလိုပါတယ်။ ဝ တပ်ဖွဲ့နဲ့ နီးစပ်သူကို ကိုးကားပြီး ဒီအစည်းအဝေး တကယ် ရှိခဲ့ကြောင်း၊ အခု ပေါက်ကြားလာတဲ့ လျှို့ဝှက် မှတ်တမ်းထဲက အချက်အလက် အတော်များများ မှန်ကန်ကြောင်း ဘီဘီစီ သတင်းက ဆိုပါတယ်။ TM media ကလဲ ဒီအစည်းအဝေး မှတ်တမ်း မူရင်းကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ၁၀၀% မှန်ကန်ကြောင်း အာမ မခံနိုင်လို့ ချင့်ယုံကြဖို့လဲ သတိပေးထားပါတယ်။ ဟုတ်ကဲ့၊ ချင့်ယုံပြီးတော့ပဲ ဆန်းစစ်ကြည့်တာပေါ့ ခင်ဗျာ။

ဩဂုတ် ၂၇ အဲဒီ အစည်းအဝေး နောက်ပိုင်း စက်တင်ဘာလထဲမှာ ကိုးကန့်အဖွဲ့ (MNDAA) က ကြေငြာချက်တစောင် ထုတ်ခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အခု ပေါက်ကြားလာတဲ့ မှတ်တမ်းထဲက အချက်အလက်တွေနဲ့ ကိုးကန့်အဖွဲ့ ထုတ်ပြန်ချက်ကို ချိတ်ဆက်ကြည့်ရင် ရှေ့နောက်ညီညွတ်မှု ရှိနေတာ သွားတွေ့ရမယ်။ ဒါ့အပြင် အခြားတဖက်မှာလဲ တရုတ် အစိုးရက ဗမာပြည် အာဏာသိမ်း စစ်ကောင်စီကို ဒေါ်လာ ၃ ဘီလျံ ထုတ်ချေးမယ်၊ တိုက်လေယာဉ်တွေ ရောင်းချပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့သလို ကိုးကန့် တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ လားရှိူးမြို့ကို အာဏာသိမ်း စစ်တပ်က ပြာပုံအတိ ဖြစ်သွားလောက်တဲ့အထိ နေ့တိုင်း ဗုံးမိုးရွာနေတယ်။

ဒါတွေအားလုံးကို ဆက်စပ်လိုက်ရင် အခု ပေါက်ကြားလာတဲ့ စာဟာ အစစ် ဖြစ်နိုင်ချေ အတော်များပါတယ်။ နောက်ဆုံး အစစ် မဟုတ်ခဲ့ဘူးဆိုရင်တောင် လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ စာပါ အချက်အလက်တွေ ဝိဝါဒ မကွဲဘူးဆိုတာ တွေ့ရလိမ့်မယ်။ ဒါ့ကြောင့် ဒီမှတ်တမ်းကို အစစ်လို့ ယူဆပြီး သုံးသပ်ဝေဖန်တာကို စစ်အုပ်စု ထောက်လှမ်းရေးနဲ့​ အမေရိကန် ထောက်လှမ်းရေး ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့်ဝင်သွားတာပဲလို့ ပြောမရဘူး။

ဒီအစည်းအဝေး မှတ်တမ်းထဲက အရေးကြီး အချက်တချို့ကို ဆွဲထုတ်ကြည့်လိုက်ရင် -

(၁) တရုတ် အစိုးရက ကိုးကန့်တပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေ ၁၀၂၇ စစ်ဆင်ရေး ဒုလှိုင်းဖော်တာ သဘောမတူဘူး၊ အထူးသဖြင့် လားရှိူးမြို့ကို MNDAA သိမ်းထားတာ မကြိုက်ဘူး၊ ပြန်ဆုတ်ပေးရမယ်လို့ တောင်းဆိုတယ်။

(၂) ‘မြန်မာ စစ်တပ်က မြန်မာနိုင်ငံ ထူထောင်သူ ဖြစ်တယ်၊ အန်ယူဂျီ (ဒါမှမဟုတ်) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်(လ်)ဒီ ပါတီက စစ်တပ်ကို အစားထိုးလို့ မရဘူး၊ ဒီအချက်ကို မြန်မာ့ သမိုင်းက ပြဋ္ဌာန်းထားပြီးသား’ [sic] လို့ တရုတ် အစိုးရဘက်က ယူဆတယ်။ (ကွန်မြူနစ် နာမည်ခံ အစိုးရတရပ် ကိုယ်စားလှယ်က ဒီလို fatalist သမိုင်းအမြင်ကို ရွတ်ပြတာ တော်တော်တော့ ရယ်စရာကောင်းသား။)

ဒီသဘောထားကို ကြည့်ရင် အန်ယူဂျီနဲ့ PDF တွေကို အမေရိကန် အလိုတော်ရိတွေလို့ မြင်ထားသလို သူတို့ အာဏာရသွားမှာကို တရုတ် အစိုးရက မလိုလားဘူး။ အမေရိကန် လိုလားတဲ့ အုပ်စုတွေ အာဏာရသွားမှာနဲ့စာရင် လက်ရှိ အာဏာသိမ်း စစ်တပ်ကို ကျားကန်ပေးထားတာက ပိုစိတ်ချရတယ်လို့ တရုတ်ဘက်က မြင်ထားတဲ့သဘောပဲ။

စိတ်ဝင်စားစရာ နောက်တချက်က -

(၃) MNDAA ဟာ အထူးဒေသ ၁ ကိုးကန့်နယ်မြေကို ကျော်လွန်ပြီး လားရှိူးကို သိမ်းပိုက်လိုက်ခြင်းဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေသလို BRI စီမံကိန်းများကို ထိခိုက်စေကြောင်း၊ ဒါ့အပြင် “အမေရိကန်နဲ့ အနောက်အုပ်စုတို့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာအောင် အခွင့်အလမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း” လို့ ဖော်ပြထားတယ်။

၁၀၂၇ ပထမလှိုင်း ဆင်နွှဲပြီး ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းတုန်းက တရုတ် အကျိုးစီးပွားနဲ့ ထပ်တူကျခဲ့လို့ သဘောတူခဲ့ပေမယ့် လားရှိူးအထိ တက်သိမ်းတာကျ တရုတ် အစိုးရ လက်မခံနိုင်တော့ဘူး။ ဒါလဲ မထူးဆန်းပါဘူး။ ဒီစစ်ဆင်ရေးကို တရုတ် အစိုးရ ထောက်ခံခဲ့တယ်ဆိုတာ တော်လှန်ရေးကို အားပေးလို့မှ မဟုတ်ဘဲ။ သူ့ကို မခန့်လေးစားလုပ်ပြီး အကျိုးစီးပွားချင်း ဖီလာဆန့်ကျင်ဖြစ်လာတဲ့ မအလ စစ်အုပ်စုကို ခပ်စပ်စပ်လေး ဆုံးမဖို့ပဲ ရည်ရွယ်ခဲ့တာ။ စစ်တပ်တခုလုံး ပြိုလဲသွားတဲ့အထိ သူတို့ မလိုလားဘူး။ ဘာ့ကြောင့် မလိုလားသလဲ နောက်ပိုင်းမှာ ဆက်ပြောပါမယ်။

အဲသလို စစ်တပ်တခုလုံး ပြိုလဲတဲ့အထိ လက်လွန်သွားမှာကို စိုးရိမ်လို့ တရုတ် ဩဇာခံ မြောက်ပိုင်း အဖွဲ့တွေက လားရှိူး တက်သိမ်းတာကို သဘောမတူဘူး။ သူ့ဩဇာခံ အဖွဲ့တွေက ဒီလို လုပ်တယ်ဆိုရင် အမေရိကန် ဩဇာခံလို့ တရုတ် အစိုးရ ယူဆထားတဲ့ (အန်ယူဂျီ၊ ပီဒီအက်ဖ်နဲ့ တခြား တပ်တွေ) က အဲသလို လိုက်လုပ်မှာကို စိုးရိမ်တယ်။ လားရှိူးကို သိမ်းလိုက်ခြင်းဟာ“အမေရိကန်နဲ့ အနောက်အုပ်စုတို့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာအောင် အခွင့်အလမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို အဲသလို ကောက်ယူလို့ ရပါလိမ့်မယ်။ တရုတ် အစိုးရက အခုလို ယူဆပေမယ့် နုဂျီ လက်အောက်ခံ အဖွဲ့တွေ တိုင်းစစ်ဌာန တခုကို သိမ်းယူနိုင်စွမ်း ရှိရဲ့လားဆိုတာ မေးဖို့တောင် မလိုဘူး ထင်ပါတယ်။

နုဂျီနဲ့ အပေါင်းအပါတွေ အမေရိကန်နဲ့ အနောက်အုပ်စုဆီက အကူအညီ ဘယ့်လောက်ရလဲ မသိရပေမယ့် တရုတ်က သူတို့ကို အမေရိကန် ဩဇာခံတွေလို့ မြင်နေပြီ။ ကိုးကန့် အဖွဲ့ရဲ့ စက်တင်ဘာ ကြေညာချက်မှာလဲ ဒီအချက်ကို သွားတွေ့ရတယ်။

တရုတ် အစိုးရက ကိုးကန့် ဒေသကို ဖြတ်ငါးဖြတ် ပိတ်ဆို့အရေးယူထားတယ်။ ဖြတ်ငါးဖြတ် ဆိုရာမှာ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နဲ့ (လောင်စာဆီ၊ ဆေးဝါး၊ ဆန်အပါအဝင် လူသုံးကုန်) ထောက်ပံ့ရေး ပစ္စည်းတွေအပြင် လူဝင်လူထွက်ကိုပါ ပိတ်ဆို့ထားခြင်း ဖြစ်ပါတယ်။ ဝ တပ်ဖွဲ့အနေနဲ့ လက်နက်ခဲယမ်း မရောင်းချရဘူးလို့လဲ အမိန့်ပေးထားသေးတယ်။ လူအများ အံ့အားသင့်သွားစေခဲ့တဲ့ ကိုးကန့် ကြေညာချက် ထွက်လာရတာ ဒီဖြတ်ငါးဖြတ် ပိတ်ဆို့မှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။

နုဂျီ အပါအဝင် လစ်ဘရယ်တွေ တောင်းဆိုနေတဲ့ western sanctions တွေ အာဏာသိမ်း စစ်တပ်အပေါ် သက်ရောက်မှု ရှိမရှိ မသိရပေမယ့် လူထုအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိခဲ့တာတော့ သေချာတယ်။ အခုလဲ တရုတ်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက မြောက်ပိုင်းအဖွဲ့တွေနဲ့ ဒေသခံ ပြည်သူတွေအပေါ် အပြင်းအထန် သက်ရောက်မှု ရှိနေတာ သေချာတယ်။

နိုင်ငံခြားရေး ပေါ်လစီဆိုတာ ပြည်တွင်းရေး ပေါ်လစီရဲ့ အဆက်

တရုတ်အစိုးရက မင်းအောင်လှိုင်တို့ အာဏာသိမ်းလိုက်တာကို မကြိုက်ဘူး၊ စစ်ကောင်စီ အခုပုံတိုင်း ဆက်သွားလို့ မရမှန်းလဲ သူတို့ နားလည်တယ်၊ ဒါ့ကြောင့် ရွေးကောက်ပွဲလမ်းကြောင်းကို တရုတ်အစိုးရ ဖိအားပေးနေခြင်း ဖြစ်တယ်။ ဒါဖြင့် သူနဲ့နီးစပ်တဲ့ မြောက်ပိုင်းအဖွဲ့တွေ (အာဏာသိမ်း စစ်တပ်ကို ဖရိုဖရဲ ဖြစ်သွားလောက်အောင် ထိုးနှက်နိုင်ခဲ့တဲ့ သူ့လူတွေ) ကို ဘာ့ကြောင့် အခုလို ဒဏ်ခတ်အရေးယူနေသလဲ။

တရုတ် ဘာလုပ်လုပ် ထောက်ခံနားလည်ပေးတဲ့ (ကွန်မြူနစ်နာမည်ခံ) လက်ဝဲတချို့ ရှိတယ်။ ဥပမာ၊​ ဒေါ်လှကျော်ဇောနဲ့ ဘီဘီစီ အင်တာဗျူးကို နားထောင်ကြည့်ရင် တွေ့ရလိမ့်မယ်။ တရုတ် အစိုးရနဲ့ စကစ အဆင်ပြေနေတဲ့အချက်ကို ထောက်ပြတော့ ဒေါ်လှကျော်ဇော အဖြေက ဆက်ဆံရေးကောင်းတာနဲ့ ထောက်ခံတာ မတူဘူးတဲ့။ အနှစ်သာရ ဘာကွာသလဲတော့ သူ့သာ သွားမေးကြည့်ပါ မိတ်ဆွေ။ လောလောလတ်လတ် စစ်လေယာဉ်တွေ ရောင်းပေးတာကရော စကစကို ထောက်ခံရာမရောက်ဘူးလားဆိုတော့ အခုမှ ကောက်ကာငင်ကာ ထလုပ်တာမျိုး မဟုတ်လောက်ဘူး၊​ အရင်ကတည်းက သဘောတူထားတဲ့ စာချုပ်တွေ ဖြစ်နိုင်တယ်လို့ ရမ်းတုတ်ပြန်တယ်။ စကစ နဲ့ တရုတ် အစိုးရ ပြန်ကြားရေးဌာနတွေတောင် သူ့လောက် ဆင်ခြေရှာတတ်မယ် မထင်ဘူး။

တရုတ် အစိုးရရဲ့ ပေါ်လစီတွေက စစ်အာဏာရှင်တွေကို ကျားကန်ပေးရာရောက်မှန်း လူတိုင်း သိနေတော့ အဲသလို မျက်စိမှိတ် ထောက်ခံတာမျိုးတော့ မလုပ်ဘူး၊ ကိုယ့်ပြည်သူတွေရဲ့ အကျိုးကို မျက်နှာမူရမှာပဲဆိုတဲ့ လက်ဝဲတချို့လဲ ရှိတယ်။ ဒါပေမယ့် သူတို့အမြင်ကလဲ အကန့်အသတ်ရှိတယ်။ တရုတ်အစိုးရက ဗမာပြည်အရေးမှာသာ အခုလို ဆိုးဝါးတဲ့ နိုင်ငံခြားရေး ပေါ်လစီကို ကျင့်သုံးနေတာ၊​ သူ့ပြည်တွင်းမှာတော့ သူ့ပြည်သူတွေ ကောင်းစားရေး ‘တရုတ် လက္ခဏာဆောင်တဲ့ ဆိုရှယ်လစ် ဈေးကွက် စီးပွားရေးစနစ်’ ကို ကြိုးစားဖော်ဆောင်နေတာပဲလို့ ဆိုပြန်တယ်။ အဲသလို မြင်ထားတဲ့အခါ BRI ပရောဂျက်တွေကို လက်ဝါးကြီးအုပ် အရင်းရှင်စနစ် (နယ်ချဲ့စနစ်) ကို ရောက်သွားလို့ မလွှဲမရှောင်သာ ထွက်ပေါ်လာတဲ့ အရင်းရှင်နယ်ချဲ့ စီမံကိန်းတွေလို့ နားမလည်တော့ဘူး။ ဒီနေရာမှာ ကွန်မြူနစ် နာမည်ခံထားတဲ့ ပါတီတခုက အာဏာရနေလို့ တရုတ်ကို ကွန်မြူနစ် တိုင်းပြည်လို့ လွဲလွဲမှားမှား ထင်နေကြသူတွေနဲ့ တရုတ် လိုလားတဲ့ လက်ဝဲတွေ အတူတူပဲ။

သူတို့ကသာ တရုတ်ပြည်ကို အရင်းရှင်စနစ် မဟုတ်ပါဘူးလို့ မျက်စိမှိတ်အော်နေတာ။ တရုတ်ပြည်ရဲ့ အရင်းရှင်စနစ်က ပေါ်ထွန်းစ အရင်းရှင်စနစ် မဟုတ်တော့ဘူး၊ အမေရိကန် အရင်းရှင်စနစ်ရဲ့ အဓိက ပြိုင်ဖက်အဆင့်ကို ရောက်နေပြီ။ ဘဏ္ဍာအရင်း (finance capital) ကြီးစိုးတဲ့ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို တက်လှမ်းသွားလို့ အရင်းရှင်နယ်ချဲ့စနစ် (imperialism) ဖြစ်နေပြီ။ ဒါ့ကြောင့် တရုတ်အစိုးရရဲ့ အရင်းရှင်နယ်ချဲ့ ပေါ်လစီတွေဟာ တရုတ်ပြည် အရင်းရှင်စနစ် (monopoly capitalism) ရဲ့ ထုတ်ကုန်တွေလို့ မြင်မှ မှန်မှန်ကန်ကန် နားလည်နိုင်မယ်။ ဗမာပြည်ဆိုင်ရာ နိုင်ငံခြားရေး ပေါ်လစီပဲ မကောင်းတာ၊ သူ့ပြည်တွင်းရေး ပေါ်လစီတော့ ကောင်းပါတယ်လို့ မြင်နေခြင်းဟာ ‘domestic sphere’ နဲ့ ‘foreign sphere’ ကို သီးခြားစီ ကင်းလွတ်နေတယ်လို့ ယူဆတဲ့ ‘formal logic’ တမျိုး ဖြစ်ပါတယ်။ ဒိုင်ယာလက်တစ် အမြင်နဲ့ လားလားမှ မသက်ဆိုင်။

ဒါ့ကြောင့် ဗမာပြည်မှာဖြစ်ဖြစ်၊ ပါကစ္စတန်မှာဖြစ်ဖြစ်၊ သီရိလင်္ကာမှာဖြစ်ဖြစ်၊ တောင်အာဖရိကမှာဖြစ်ဖြစ် တရုတ် အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေ ‘အရင်းရှင်နယ်ချဲ့ ပေါ်လစီ’ ဖြစ်နေတာဟာ တခြားကြောင့် မဟုတ်ပါဘူး။ တရုတ် အရင်းရှင်စနစ်ကိုယ်တိုင်က လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ဖြစ်နေလို့ပါပဲ။ လက်ဝါးကြီးအုပ် အရင်းရှင် နယ်ချဲ့ပါဝါမှန်ရင် တခြား လက်ဝါးကြီးအုပ် အရင်းရှင် နယ်ချဲ့ပါဝါတွေနဲ့ စားကျက်လုရမြဲ။ နောက်မှ တက်လာတဲ့ ကောင်ဆိုရင် သူ့ရှေ့က နယ်ချဲ့ပါဝါတွေ ကြီးစိုးမင်းမူထားပြီးသား နေရာကို​ ဝင်လုရတာပဲ။ အဲလိုနဲ့ ပထမ ကမ္ဘာစစ် ဖြစ်ခဲ့ရတာပဲ။

တရုတ်ပြည် အရင်းရှင်စနစ် အကျပ်အတည်း

ဒီကနေ့အချိန်ထိ တရုတ်ပြည် အရင်းရှင်စနစ် ဟုတ် မဟုတ် ပြန်ပြောနေရတာ အတော်တော့ ပျင်းစရာကောင်းပါတယ်။ ဟိုက အရင်းရှင်စနစ် ပီသလွန်းလို့ အရင်းရှင်စနစ်မှာ မလွဲမသွေ ကြုံရမယ့် organic crisis ဖြစ်တဲ့ overproduction crisis ကို ရင်ဆိုင်နေရပြီ။ အဲဒီအရင်းရှင်စနစ်ရဲ့ အော်ဂဲနစ် အကျပ်အတည်းကို ကွန်မြူနစ်နာမည်ခံ CCP အစိုးရ ဖြေရှင်းတဲ့ နည်းလမ်းတွေကို ကြည့်ဦးမလား။ အရင်းရှင်အစိုးရတွေ ထုတ်သုံးနေကျ ပေါ်လစီတွေချည်းပါပဲ။

တရုတ်ပြည်မှာ အိမ်ခြံမြေ အရင်းရှင် လုပ်ငန်းစုကြီးတွေ အကြွေးနွံနစ်ပြီး ပြန်မဆပ်နိုင်ဖြစ်ကုန်တာ အားလုံးအသိပဲ။ ၂၀၂၁ လောက်က Evergrande crisis ဆိုရင် တော်တော်များများ မှတ်မိဦးမယ် ထင်ပါတယ်။ နည်းနည်းလောက် စဉ်းစားကြည့်ပါ။ ဆိုရှယ်လစ်စနစ်ကို ချီတက်နေရိုးမှန်ရင် ပြည်သူလူထု ရှင်သန်ရေး မရှိမဖြစ် လိုအပ်တဲ့ ‘နေရေး’ ကိစ္စက ပုဂ္ဂလိက အရင်းရှင်ကြီးတွေ အမြတ်ထုတ်စရာ ‘ဆူလွယ်နပ်လွယ် စီးပွားရေး’ ဖြစ်စရာ အကြောင်း ရှိပါသလား။

ဒီနေရာမှာ အဲဗားဂရန်ဒီတို့လို ပုဂ္ဂလိက အရင်းရှင် လုပ်ငန်းစုကြီးတွေပဲ ရှိတာ မဟုတ်ဘူး၊ အစိုးရပိုင် အိမ်ခြံမြေ လုပ်ငန်းတွေလဲ ရှိတာပဲလို့ ဆင်ခြေကန်နိုင်ပါတယ်။ အစိုးရပိုင်လို့ နာမည်ခံထားပေမယ့် တကယ့်လက်တွေ့မှာ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေနဲ့ အနှစ်သာရ အတူတူပဲ ဆိုတဲ့အချက်ကို လစ်လျူရှုလို့ မဖြစ်ဘူး။ ပုဂ္ဂလိကပိုင်၊ အစိုးရပိုင် ဆိုတဲ့ လေဘယ်တွေကိုပဲ ကြည့်ရုံနဲ့ မလုံလောက်ဘူး။ သူတို့အားလုံးဟာ အနှစ်သာရအားဖြင့် profit-driven လုပ်ငန်းစုတွေချည်းပဲ။

နမူနာ တခု ပေးကြည့်ပါမယ်။ တရုတ် အစိုးရ စစ်တပ်နဲ့ တွဲဆက်နေတဲ့ ရှန်ဟိုင်း စာရင်းဝင် Poly Developments and Holdings Group ဆိုတဲ့ အစိုးရပိုင် အိမ်ခြံမြေ လုပ်ငန်းစုတခု ရှိတယ်။ အဲဗားဂရန်ဒီတို့လို ပုဂ္ဂလိက အိမ်ခြံမြေလုပ်ငန်းတွေ ပြိုလဲနေချိန်မှာ သူတို့က ထူထူထောင်ထောင် ဖြစ်ကျန်ခဲ့တယ်။ ဒါပေမယ့် သူတို့လဲ အသားတင် အမြတ် ယွမ်ငွေ ၇.၄၁ ဘီလျံ (၃၉.၃%) လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ပထမ ၇လပတ်အတွင်း ကန်ထရိုက် ရောင်းအား ၂၅.၈% ကျဆင်းသွားတယ်။ အစိုးရပိုင်လို့ နာမည်ခံထားသော်ငြား အနှစ်သာရပိုင်းမှာ ပုဂ္ဂလိကပိုင်နဲ့ ဘာမှ မကွာခြား။ [အောက်မှာ ဆက်စပ်ဖတ်ရန် လင့်ခ်တွေ ထည့်ပေးထားပါတယ်]

ဆူလွယ်နပ်လွယ် အိမ်ခြံမြေ စီးပွားပျက်ကပ်ဆိုက်တော့ အရင်းရှင် လုပ်ငန်းစုတွေက ဆောက်လက်စ အိမ်ရာတွေ ရပ်ပစ်လိုက်တယ်။ အဲဒီတော့ ‘ဆိုရှယ်လစ်’ စနစ်ဆီ ချီတက်နေတဲ့ ‘ကွန်မြူနစ်’ အစိုးရကြီးက ပုဂ္ဂလိက အရင်းရှင်တွေကို အရေးယူတဲ့အနေနဲ့ ဆောက်လက်စ အိမ်ရာတွေ သိမ်းယူလိုက်တယ်လို့ သင်ထင်ပါသလား။ အဲသလို ထင်နေရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်။ developers ကုမ္ပဏီတွေကို အခွန် ကင်းလွတ်ခွင့်ပေးပြီး ဘဏ်ချေးငွေတွေ ထုတ်ပေးတယ်။ အိမ်ခြံမြေ ဆောက်လုပ်ရေး ဆက်မလုပ်နိုင်တဲ့ ပုဂ္ဂလိက အရင်းရှင် လုပ်ငန်းစုတွေကို ဒေသန္တရ အစိုးရတွေက ‘special-purpose bond’ တွေ ထုတ်ရောင်းပြီး ငွေကြေးထောက်ပံ့ပေးဖို့ ဗဟို အစိုးရကိုယ်တိုင် တိုက်တွန်းထားတယ်။ ပုဂ္ဂလိက အရင်းရှင်ကြီးတွေ တင်နေတဲ့ အကြွေးကို အများပြည်သူ အကြွေးဖြစ်လာအောင် လုပ်တဲ့နည်းပါပဲ။ အရင်းရှင် အစိုးရတွေ လုပ်နေကျ ပေါ်လစီတမျိုးပါပဲ။

ဆောက်ပြီးသား၊ ရောင်းမစွံတဲ့ အိမ်ရာတွေ အရင်းရှင် လုပ်ငန်းစုတွေ လက်ထဲ ပုံနေတဲ့ ပြဿနာလဲ ရှိတယ်။ ဒါကို တရုတ် အစိုးရ ဗဟိုဘဏ် (People's Bank of China) က ကြားဝင်ပြီး ကယ်ပေးတယ်။ ဗဟိုဘဏ်က ဒေါ်လာ ၄၁.၅ ဘီလျံ တန်ဖိုးရှိတဲ့ “refinancing funds” တရပ် ထူထောင်ပြီး ဘဏ် ၂၁ ခုကို အတိုးနှုန်း သက်သက်သာသာနဲ့ ထုတ်ချေးတယ်။ ဒေသန္တရ အစိုးရတွေ ရွေးထုတ်ထားတဲ့ SOE ခေါ် အစိုးရပိုင် လုပ်ငန်းတွေက အဲဒီဘဏ်တွေကနေ ချေးငွေပြန်ယူပြီး ရောင်းမစွံတဲ့ ဆောက်ပြီးသား အိမ်ရာတွေကို ဝယ်ရမယ်။ ဝယ်ပြီးရင် ‘တန်ဖိုးသင့် အိမ်ရာ’ အနေနဲ့ ဝင်ငွေ နည်းပါးသူတွေဆီ ပြန်ရောင်းမယ့် အစီအမံ ဖြစ်ပါတယ်။

အဲဒါ မေလတုန်းက ဗဟိုဘဏ် ချမှတ်ခဲ့တဲ့ ချေးငွေ အစီအမံ ဖြစ်ပါတယ်။ အဲသလို အစိုးရက ကြားဝင်ခဲ့ပေမယ့် အိမ်ခြံမြေ ရောင်းအားက သိသိသာသာ တက်မလာခဲ့ပါဘူး။ ၂၀၂၄ ဧပြီနဲ့ယှဉ်ရင် မေလမှာ ၄% လောက်ပဲ တက်လာခဲ့တယ်။ မေ ၁၇ ရက်မှာပဲ ဗဟိုဘဏ်က အိမ်ခြံမြေ ဝယ်လိုအား တက်လာအောင် အိမ်ဝယ်စရိတ် ချေးငွေအပေါ် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အတိုးနှုန်းကို ပယ်ဖျက်ပေးခဲ့တယ်။ ဒီလို အစိုးရ ကြားဝင်ဆောင်ရွက်ပေမယ့် အိမ်ခြံမြေ ဈေးကွက်ကို နလန်ထူလာအောင် မလုပ်နိုင်သေးဘူး၊ နည်းသေးတယ်လို့ ဆိုကြတယ်။

ဆောက်ပြီးသား အိမ်ရာတွေ ဝယ်ဖို့ ဗဟိုဘဏ်က ငွေထုတ်ချေးရုံနဲ့ မလုံလောက်သေးဘူးတဲ့။ (developer ကုမ္ပဏီ) အရင်းရှင် လုပ်ငန်းစုကြီးတွေက အိမ်ရာစီမံကိန်းတွေ မဆောက်ဘဲ ပစ်ထားလို့ သေနေတဲ့ မြေကွက်တွေ ရှိတယ်။ စဉ်းစားကြည့်ပါ။ တဖက်မှာ ဆောက်ပြီးသား အိမ်ရာတွေ ရောင်းမစွံလို့ အလျှံပယ်ဖြစ်နေတာ ရှိတယ် (housing ‘glut’ လို့တောင် သုံးနေကြတယ်)၊ အခြားတဖက်မှာကျ နေစရာ ကျောတခင်းကို မဖူလုံတဲ့ ဆင်းရဲသား တရုတ်ပြည်သူတွေ ဒုနဲ့ဒေး ရှိနေတယ်။

ဒါဆိုရင် ဘာစီမံကိန်းမှ မလုပ်နိုင်လို့ အသေဖြစ်နေတဲ့ developer ကုမ္ပဏီကြီးတွေ လက်ထဲက မြေကွက်တွေကို သိမ်းယူပြီး ပြည်သူ့ အိမ်ရာ စီမံကိန်းတွေ လုပ်ပေးလို့ မရဘူးလား။ ရပါတယ်၊ ဒါပေမယ့် တရုတ် အစိုးရက အဲသလို မလုပ်ပါဘူး။ ဒေသန္တရ အစိုးရတွေက အထက်မှာ ပြောခဲ့တဲ့ ‘special-purpose bond’ တွေ ထုတ်ရောင်းပြီး အဲဒီမြေကွက်တွေကို ပြန်ဝယ်ရတယ်။ ဝယ်ပြီးမှ တန်ဖိုးသင့် အိမ်ရာမျိုး ပြန်ဆောက်ဖို့ စီစဉ်တယ်။ ‘ဆိုရှယ်လစ် စနစ်ဆီ ချီတက်နေပါတယ်’ ဆိုသော တရုတ် အစိုးရက ဒီလိုနည်းနဲ့ အရင်းရှင်စနစ် အကျပ်အတည်းကို ဝင်ကယ်ပါတယ်။ အဲသလို အထူးရည်ရွယ်ချက်နဲ့ ထုတ်ရောင်းသော ငွေချေးစာချုပ်တွေကြောင့် နဂိုကတည်းက အကြွေးဝန်ပိနေတဲ့ ဒေသန္တရ အစိုးရတွေဟာ ပိုပြီး အကြွေးဝန်ပိလာတယ်။ ဒီလို ငွေချေးစာချုပ်တွေ ထုတ်ရောင်းပြီး အသေးစားနဲ့ အလတ်စား ဘဏ်တွေကို ၂၀၂၀ ကိုဗစ်ကပ်ကတည်းက ကျားကန်ပေးခဲ့ရတယ်။ ဒါ့ကြောင့်လဲ အဲသလိုနည်းနဲ့ တင်နေတဲ့ ကြွေးမြီက ဒေသန္တရ အစိုးရတွေ တင်နေတဲ့ ကြွေးမြီစုစုပေါင်းရဲ့ ၆၀% အထိ (ဒေါ်လာ ၃.၆ ထရီလီယံ) ရှိလာတယ်။ အရင်းရှင် လုပ်ငန်းကြီးတွေကို ကယ်တင်ဖို့ အများပြည်သူက အကြွေးတင်ခံလိုက်ရခြင်း ဖြစ်ပါတယ်။

တရုတ်ပြည် အရင်းရှင်စနစ်မှာ အိမ်ခြံမြေ လုပ်ငန်း တခုတည်းတင် အကျပ်ဆိုက်နေတာ မဟုတ်ပါဘူး။ စက်မှုလုပ်ငန်း ထုတ်လုပ်မှု တိုးတက်နှုန်းဟာ မတ်လကနေ ဩဂုတ်လအထိ ငါးလဆက်တိုက် နှေးကွေးလာခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်နဲ့စာရင် ၄.၅% တိုးတက်လာတယ် ဆိုပေမယ့် ဘေဂျင်းရဲ့ နှစ်စဉ် ပျမ်းမျှ စီးပွားရေး တိုးတက်နှုန်း ၅% ပတ်ချာလည်ကို ရောက်ဖို့ အတော်ခဲယဉ်းသွားပြီ။

အနောက် အရင်းရှင် နိုင်ငံတွေက နှစ်စဉ် တိုးတက်နှုန်းနဲ့ ယှဉ်ရင် ဒီရာခိုင်နှုန်းဟာ မဆိုးလှဘူးလို့ ထင်စရာ ရှိတယ်။ ဒါပေမယ့် နောက်ကွယ်က စီးပွားရေး ဒိုင်နမ်းမစ်(ခ်)တွေကို ထည့်သွင်းစဉ်းစားလိုက်ရင် ရတက်အေးစရာ မရှိလှဘူး။ ကမ္ဘာတလွှား အရင်းရှင်စနစ် ပျက်ကပ်ဟာ “inflation” ကို ရင်ဆိုင်နေရချိန် တရုတ်ပြည် စီးပွားရေးဟာ “deflation” ကို ရင်ဆိုင်နေရတယ်။ ပြည်တွင်း ‘အထွေထွေ’ ဝယ်လိုအားတွေ ကျဆင်းနေတယ်။ (အထက်မှာ ပြောခဲ့တဲ့ အိမ်ခြံမြေ ဝယ်လိုအားပဲ ကျဆင်းနေတာ မဟုတ်ဘူး။) တချိန်တည်းမှာ ပြည်ပ ဈေးကွက် ပို့ကုန် တင်ပို့မှုကို အဓိက အားထားနေရတယ်။

ဒီလိုအချိန်မှာ အမေရိကန်နဲ့ အနောက် ဥရောပက တရုတ် ကုန်စည်တွေကို ကုန်သွယ်ခွန် ကြီးကြီးမားမား တင်းကြပ်ပစ်တာ၊ တင်သွင်းခွင့် လုံးဝပိတ်ပစ်တာတွေ လုပ်လာတယ်။ ကုန်သွယ်ရေး စစ်ရဲ့ ရိုက်ခတ်မှုက ပို့ကုန်ဝင်ငွေ အဓိက အားထားနေရတဲ့ တရုတ် အရင်းရှင် စနစ်ကို အကြီးအကျယ် ရိုက်ခတ်လာတယ်။ ဒီလို အခြေအနေမှာ စက်မှုကုန်ထုတ်လုပ်ငန်း လေးလံထိုင်းမှိုင်းလာခြင်းဟာ တရုတ် အုပ်စိုးသူ လူတန်းစားအဖို့ တုန်လှုပ်စရာပဲ။

ဒါ့ကြောင့် အရင်းရှင်တွေက ‘real economy’ လို့ သူတို့ခေါ်လေ့ရှိတဲ့ ကုန်ထုတ်စက်မှုလုပ်ငန်းဘက်ကို ရင်းနှီးမြှုပ်နှံတာမျိုး သိပ်မလုပ်ချင်ကြတော့ဘူး။ အတိုး ပုံမှန် ရဖို့ သေချာတဲ့ အစိုးရ ချေးငွေစာချုပ်တွေပဲ လှိမ့်ဝယ်လာကြတယ်။ ဒါ့ကြောင့် အဲဒီချေးငွေစာချုပ်တွေ ဝယ်လိုအားတက်လာပြီး yield လို့ခေါ်တဲ့ ချေးငွေစာချုပ်ပေါ်ကနေ ပြန်ရသော အတိုးနှုန်း စံချိန်တင် ကျဆင်းသွားတယ်။ တရုတ် အရင်းရှင် လူတန်းစားက စက်မှုကုန်ထုတ်လုပ်ငန်းဘက်ကို ယုံကြည်မှု ကျဆင်းလာတဲ့ လက္ခဏာပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေးဖြေးမှန်မှန် ဆက်တိုးတက်နေမယ် (稳中向好) ဆိုတာ တရုတ် အစိုးရရဲ့ ဝါဒဖြန့်ချက်သက်သက်မျှသာ။ ကမ္ဘာ့တလွှား အရင်းရှင်စနစ် ရင်ဆိုင်နေရတဲ့ recession ကို တရုတ်ပြည်မှာလဲ ရင်ဆိုင်ရတော့မယ်။

ဒီလို အရင်းရှင်စနစ် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ တရုတ်အစိုးရက စက်တင်ဘာ မကုန်ခင်လေးမှာ ဗဟိုဘဏ်ရဲ့ ငွေကြေးပေါ်လစီဆိုင်ရာ ဖြေလျှော့မှုတွေနဲ့ ဗဟိုအစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ stimulus အစီအမံတွေ အကြီးအကျယ် ထုတ်သုံးလာခြင်းဖြစ်တယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတွေ၊ အိမ်ချေးငွေ အတိုးနှုန်းတွေ လျှော့ချလိုက်သလို ငွေထုတ်ချေးတဲ့ မြီရှင်ဘဏ်တွေ အနည်းဆုံး ထားရှိရမယ့် အရန်ငွေ အချိုးအစားကိုလဲ လျှော့ပေးလိုက်တယ်။ အဲသလို ဖြတ်တောက်လိုက်တဲ့အခါ ယွမ် ၁ ထရီလီယံ (ဒေါ်လာ ၁၄၀ ဘီလီယံ) ပမာဏလောက်ရှိတဲ့ ငွေကြေးတွေ ဘဏ္ဍာရေး ဈေးကွက်ထဲ စီးဝင်သွားအောင် လုပ်ပေးနိုင်လိမ့်မယ်။ ဒါ့အပြင် စတော့(ခ်) ဝယ်ယူမှု အားကောင်းလာအောင် ဗဟိုဘဏ်က ယွမ် (၈၀၀) ဘီလီယံဖိုးလောက် ထုတ်သုံးခဲ့တယ်။ အဲသလိုနည်းနဲ့ ငွေကြေးဈေးကွက်ကို တိုက်ရိုက်ဝင် ကျားကန်ပေးဖို့ ကြိုးစားလာခြင်း ဖြစ်တယ်။

အခြားတဖက်မှာလဲ အများပြည်သူ စားသုံးမှု (ဝယ်လိုအား) တက်လာအောင် fiscal measure ဘဏ္ဍာရေး အစီအမံတွေ ထုတ်သုံးလာတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာ Ministry of Civil Affairs က လိုအပ်သူတွေ (အလုပ်လက်မဲ့၊ မသန်စွမ်း၊ ကလေးနှစ်ယောက်အထက် ရှိသူတွေ၊ စသဖြင့်) ကို ငွေသား ပံ့ပိုးပေးမယ့် အစီအစဉ်ကို ကြေငြာခဲ့တယ်။ အဲသလို ထောက်ပံ့နိုင်အောင် အစိုးရ ချေးငွေစာချုပ်တွေ ထုတ်ရောင်းပြီး ယူအက်(စ်)ဒေါ်လာ ၁၄၂ ဘီလီယံလောက်ရှိတဲ့ ရန်ပုံငွေ ထူထောင်ပေးထားတယ်။ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဗဟိုဘဏ်က အိမ်ချေးငွေ သတ်မှတ်ချက်တွေ ပြင်ဆင်သတ်မှတ်သွားမယ်လို့ ကြေငြာခဲ့တယ်။ ပထမဆုံး အိမ်ဝယ်သူတွေ ပေးချေရမယ့် down-payment ရာခိုင်နှုန်းကို လျှော့ချပေးလိုက်တာ၊ ဒီမတိုင်က ချေးငွေနဲ့ အိမ်ဝယ်ထားသူတွေ လစဉ်ပေးချေရတဲ့ အရစ်ကျ အတိုးနှုန်းတွေ လျှော့ချလိုက်တာတွေ ပါဝင်တယ်။

စီးပွားရေး ထိုင်းမှိုင်းမှုကို အစိုးရက တိုက်ရိုက်ဝင်ကျားကန်ပေးတဲ့ stimulus အစီအမံတွေ ထွက်ပေါ်လာတဲ့အခါ စတော့(ခ်) ဈေးတွေ ပြန်တက်လာတယ်။ အရင်းရှင် အစိုးရကိုယ်တိုင်က ဘဏ္ဍာ အရင်းကို ခရက်ဒစ်တွေ (ချေးငွေတွေ) ပေါပေါလောလော လောင်းထည့်ပေးလိုက်တော့ ဒီလို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ကြာကြာခံမယ့်သဘော မရှိပါဘူး။ အောက်တိုဘာ ၉ ရက်နေ့ စတော့(ခ်)ဈေးက ၇.၀၅% ပြန်ကျသွားပါပြီ။

တရုတ် အစိုးရဘက်က အခုလို အလွန်ကြီးမားတဲ့ stimulus package တွေ သွန်ထည့်နေပေမယ့် မလုံလောက်သေးဘူး၊ ထိုင်းမှိုင်းနေတဲ့ စီးပွားရေးကို နာလန်ထူလာအောင် ဒီထက်မက ထပ်ကူဖို့ လိုသေးတယ်လို့ ယူဆကြတယ်။

၂၀၀၈ စီးပွားပျက်ကပ်ဖြစ်တုန်းကလဲ Hu Jintao လက်ထက်မှာ အခုလို stimulus အစီအမံတွေ အကြီးအကျယ် ထုတ်သုံးခဲ့ဖူးတယ်။ ဒီနောက် ကြွေးမြီ ပူဖောင်း ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာလို့ ရှီကျင်းဖျင်က ပြန်ထိန်းဖို့ ကြိုးစားခဲ့ရတယ်။ အဲသလို ပြန်ထိန်းဖို့ ကြိုးစားချိန်မှာ နောက်ကျသွားပြီ။ အိမ်ခြံမြေ ဈေးကွက်ပျက်ပြီး စီးပွားရေးလဲ ထိုင်းမှိုင်းနေပြီ။ ဒီတော့ တခြား ရွေးစရာ မရှိပါဘူး။ ဒီလမ်းကိုပဲ သူတို့ ဆက်လျှောက်ရတယ်။ ဒါပေမယ့် တခါသေဖူးတော့ ပျဉ်ဖိုးနားလည်ပြီး ချီတုံချတုံနဲ့ လုပ်နေရပုံပဲ။

အရင်းရှင် ဈေးကွက်စီးပွားရေးကို အစိုးရက ဝင်မပါနဲ့၊ သူ့အတိုင်း လွှတ်ထား၊ မမြင်ရတဲ့ ကိုယ်ပျောက်လက်ကြီးက သူ့အလိုလို မျှခြေထိန်းသွားလိမ့်မယ်လို့ ဆိုကြတယ်။ အခုလို ပျက်ကပ်ဆိုက်ချိန်ကျ အဲဒီအသံတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ အရင်းရှင်စနစ် ဆူဖြိုးနေချိန်မှာ မူတမျိုး၊ ပျက်ကပ်ဆိုက်နေရင် မူတမျိုးလား မပြောတတ်ပေ။ သူတို့မူအတိုင်းသာ လွှတ်ထားလိုက်ရင် အရင်းရှင်စနစ် ပြိုလဲသွားမှာပဲ။ ဒီတော့ လွှတ်ထားပါလို့ မအော်တဲ့အပြင် အစိုးရက ဝင်ကယ်တာ နည်းသေးတယ်ချည်း အော်နေကြလေရဲ့။

ဒါတွေ အားလုံးကို ချုပ်လိုက်ရင် တရုတ်ဟာ အရင်းရှင်စနစ် စစ်သမှ ရေတစက်မှ မရောဘူးဆိုတာ အထင်အရှား တွေ့ရလိမ့်မယ်။ ဒါ့အပြင် ကွန်မြူနစ်ပါတီ နာမည်ခံထားတဲ့ တရုတ် အစိုးရက ဘဏ္ဍာအရင်းကို အလုပ်အကျွေးပြုနေရတဲ့ အရင်းရှင် အာဏာရှင် အစိုးရဆိုတာလဲ မြင်ရလိမ့်မယ်။ တရုတ် အရင်းရှင်စနစ် လက်ရှိကြုံနေရတဲ့ အခြေအနေဟာ အရင်းကျမ်းထဲမှာ မာ့(က်စ်) ရှင်းပြခဲ့တဲ့ သံသရာစက်ဝန်းနဲ့ တထပ်တည်းလို့တောင် ဆိုနိုင်တယ်။ မူရင်းစာပိုဒ်ကိုသာ ရှုစားကြည့်ပါ -

“The factory system’s tremendous capacity for expanding with sudden immense leaps, and its dependence on the world market, necessarily give rise to the following cycle: feverish production, a consequent glut on the market, then a contraction of the market, which causes production to be crippled. The life of industry becomes a series of periods of moderate activity, prosperity, overproduction, crisis and stagnation.” (Karl Marx, Capital Vol.1. page 580)

တရုတ်ပြည် အရင်းရှင်စနစ်ဟာ စက်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ပြီး အခုချိန်မှာ ‘overproduction, crisis and stagnation’ ကာလကို ရောက်သွားပြီ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အိမ်ခြံမြေတွေ ရောင်းမစွံတဲ့ ‘housing glut’ ဆိုတာ overproduction နမူနာတမျိုးပါပဲ။ လူတိုင်းက နေစရာ အိမ်တွေ အလျှံပယ် ပေါများနေလို့ ထပ်ပြီး ဆောက်စရာ မလိုတော့တဲ့ အခြေအနေကို ပြောတာ မဟုတ်ဘူး။ အလုပ်သမား လူတန်းစားက အရင်းရှင် လုပ်ငန်းကြီးတွေ ရောင်းချနေတဲ့ အဲဒီအိမ်ရာတွေကို ဝယ်ယူနိုင်စွမ်း မရှိတော့လို့ ဈေးကွက်ထဲ စုပြုံလာတဲ့ အခြေအနေကို ပြောခြင်း ဖြစ်တယ်။

ဒီထက် အရင်းရှင်စနစ် ပီသတာ ရှိဦးမလား။ ဒီအကျပ်အတည်းကို တရုတ်အစိုးရ ကျော်လွှားဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကိုလဲ အထက်မှာ အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။ ဒီပေါ်လစီတွေကို ကြည့်လိုက်မယ်ဆိုရင်လဲ ဒီထက် အရင်းရှင် အစိုးရ ပီသတာ ရှိဦးမလားလို့ မေးရလိမ့်မယ်။

ဒါ့ကြောင့် တရုတ် အစိုးရရဲ့ ဗမာပြည်ဆိုင်ရာ နိုင်ငံခြားရေး ပေါ်လစီ (တိတိကျကျဆိုရရင် အရင်းရှင် နယ်ချဲ့ ပေါ်လစီ) ဆိုတာ သူ့ပြည်တွင်းရေး ပေါ်လစီရဲ့ အဆက်ပဲလို့ ဆိုခဲ့ခြင်း ဖြစ်တယ်။ သူ့ပြည်တွင်းမှာ အရင်းရှင်စနစ် အကျပ်အတည်းကို အခုလို ရင်ဆိုင်နေရချိန် ၁၆ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်ထုရဲ့ အလုပ်လက်မဲ့နှုန်းက ၁၈ % ရှိတယ်။ ဒါကတရားဝင် ထုတ်ပြောရတဲ့ ကိန်းဂဏန်း။ တကယ့်အမှန်က ဒီထက်မကနိုင်ဘူးလို့ သိရတယ်။ အရင်းရှင်စနစ် အကျပ်အတည်းနဲ့ လူငယ်ထု၊ အလုပ်သမားထုရဲ့ မကျေနပ်ချက်တွေဟာ တရုတ်ပြည်မကြီးမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်နေတယ်။ မကြာခင်မှာ ပြင်းထန်တဲ့ လူတန်းစား တိုက်ပွဲအသွင်နဲ့ ထွက်ပေါ်လာလိမ့်မယ်။

တရုတ် အရင်းရှင် အစိုးရက စီးပွားရေး ထိုင်းမှိုင်းမှု၊ လူထု စားသုံးနိုင်စွမ်း ကျဆင်းမှုကို အသည်းအသန် ကုစားဖို့ ကြိုးစားနေတာဟာ လူတန်းစား တိုက်ပွဲ ပြင်းထန်လာမှာကို ကြောက်လို့ပဲ။ မင်းအောင်လှိုင် စစ်အုပ်စုကို မကြိုက်ပေမယ့် အာဏာသိမ်း စစ်တပ် ပြိုလဲသွားမှာကို လက်မခံနိုင်ဘူးဆိုတာ သူ့အိမ်နီးချင်း တိုင်းပြည်လေးမှာ တော်လှန်ရေး လှုပ်ရှားမှု အောင်ပွဲခံသွားမှာကို စိုးရိမ်လို့ပဲ။ အဲသလို အောင်ပွဲရပြီး အုပ်စိုးသူ လူတန်းစား အဟောင်းကို ဖြိုချပစ်လိုက်တယ်ဆိုရင် ပေါက်ကွဲဖို့ တာဆူနေတဲ့ သူ့ပြည်တွင်းက လူတန်းစား တိုက်ပွဲ ရမ်းအိုးကြီးပေါ် မီးတုတ်ကြီး ပစ်ချလိုက်သလို ဖြစ်သွားလိမ့်မယ်။

ဗမာပြည်မှာ အမေရိကန်နဲ့ နီးစပ်တဲ့ လစ်ဘရယ်အုပ်စု အာဏာရသွားမှာကို သူတို့ အဲသလောက် မကြောက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လစ်ဘရယ် အစိုးရကို သူတို့ဆက်ဆံဖူးပြီးသားပဲ။ ဒါ့ကြောင့် ဗမာပြည်ကို ယူကရိန်းလို ဖြစ်သွားမှာ စိုးရိမ်လို့ စကစကို တရုတ်က ကာကွယ်ပေးနေတယ်ဆိုတဲ့ လက်ဝဲတချို့ရဲ့ သုံးသပ်ချက်ဟာ အပေါ်ယံဆန်လွန်းပါတယ်။ အမေရိကန်က ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ကျွံနေတာနဲ့တင် ဗမာပြည်အရေးကို ကိုယ်ထိလက်ရောက် ဝင်မပါနိုင်ပါဘူး။ ယူကရိန်းလို ဖြစ်ရအောင် ဗမာပြည်မှာ အမေရိကန်အတွက် မဟာဗျူဟာမြောက် အကျိုးစီးပွား ဘယ့်လောက် ရှိလို့လဲ။ တရုတ်အတွက် အလွန်အရေးကြီးတဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ရှိတာ မှန်တယ်။ ဒါပေမယ့် အမေရိကန်က ဗမာပြည်မှာ proxy war ဆင်နွှဲရလောက်အောင် မဟာဗျူဟာမြောက် အကျိုးစီးပွား မရှိပါဘူး။ ဒါကို တရုတ်က မသိလို့ အစိုးရိမ်လွန်ပြီး အာဏာသိမ်း စစ်တပ်ကို ကျားကန်ပေးတယ်လို့ ယူဆမယ်ဆိုရင် naïve ဖြစ်လွန်းပါတယ်။

မှန်ကန်တဲ့ နားလည်မှုအပေါ် အခြေခံထားမှသာ မှန်ကန်တဲ့ နည်းနာ၊ ပေါ်လစီကို ချမှတ်နိုင်ပါလိမ့်မယ်။ အုပ်စိုးသူ လူတန်းစားတွေဟာ သူတို့အချင်းချင်း သတင်းလွေ့ကြသလို တရုတ်ပြည်က အဖိနှိပ်ခံ အလုပ်သမား လူတန်းစားရဲ့ ဆိုရှယ်လစ် တော်လှန်ရေးနဲ့ ဗမာပြည် ဆိုရှယ်လစ် တော်လှန်ရေးဟာလဲ အပြန်အလှန် အမှီသဟဲ ပြုနေကြောင်း တင်ပြလိုက်ရပါတယ်။

ဒင်နူး

(အောက်တိုဘာ ၉၊ ၂၀၂၄)

Down with the military regime!

Workers of the world, Unite!

Let the ruling classes tremble at a communistic revolution!