စစ်မီးမွှေးတဲ့ အစ္စရေး Share Tweet၂၀၂၅၊ ဇွန်လ (၁၃) ရက်နေ့မှာ အစ္စရေးက အီရန်ကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့တယ်။ အစ္စရေးဘက်က တမင် ရန်စလိုက်တဲ့ “unprovoked” ထိုးစစ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ယူကရိန်းက ရုရှားကို စတင်တိုက်ခိုက်ချိန်မှာ အနောက်က မီဒီယာကြီးတွေ (သူတို့နောက် သံယောင်လိုက်ရတဲ့ ပြည်တွင်း မီဒီယာတွေ) ဘယ်လို အော်ခဲ့ကြလဲ မှတ်မိကြဦးမယ် ထင်တယ်။“အကြောင်းမဲ့ ရန်စကျူးကျော်မှု၊ ရုရှားရဲ့ နယ်ချဲ့ စစ်ပွဲ၊ ယူကရိန်းရဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်၊ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို လုံးဝ အထိမခံနိုင်၊ နေတိုး စစ်အုပ်စုထဲ ဝင်ရေး မဝင်ရေးဟာ ယူကရိန်းရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ ယူကရိန်းဘက်က အပြတ်အသတ် ပုံအော ထောက်ခံရေး၊ ရုရှားကို အပြင်းအထန် အရေးယူရေး”၊ စသဖြင့် အသံဗလံ အစုံ ကြားခဲ့ရလိမ့်မယ်။ တကယ့်လက်တွေ့မှာလဲ ယူအက်(စ်) ခေါင်းဆောင်တဲ့ အနောက် အရင်းရှင်နယ်ချဲ့ဂိုဏ်းက ယူကရိန်းတွေရဲ့ သွေး နောက်ဆုံး တစက်ကျန်သည်အထိ ဒီစစ်ပွဲကို ပုံအော ထောက်ပံ့ပေးနေကြဆဲ ဖြစ်သလို ရုရှားကိုလဲ အဘက်ဘက်က အပြင်းအထန် ဒဏ်ခတ် အရေးယူထားဆဲ ဖြစ်ပါတယ်။အနောက် အရင်းရှင်နယ်ချဲ့ဂိုဏ်း ကြောင်သူတော်ဆန်ပုံယူကရိန်းအရေးမှာ သူတို့ အော်ခဲ့တဲ့ ကြွေးကြော်သံတွေက နောက်ကွယ်က သူတို့ အကျိုးစီးပွားတွေ၊ ရည်ရွယ်ချက် အစစ်အမှန်တွေကို ဖုံးအုပ်ထားဖို့ လူကြားကောင်းရုံ ဟစ်ကြွေးခဲ့တာ မဟုတ်ဘူးဆိုရင် အစ္စရေးက အီရန်ကို တမင်ရန်စ တိုက်ခိုက်လိုက်တဲ့ ဒီဖြစ်ရပ်မှာ သူတို့ ဘယ်လို ရပ်တည်ရမလဲ။ ရှင်းပါတယ်။ ယူကရိန်းဘက်က ရပ်တည်ခဲ့တဲ့၊ ရပ်တည်နေတဲ့ အနောက် အရင်းရှင် အစိုးရတွေဟာ အီရန်ရဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို လုံးဝ အသိအမှတ် ပြုရမယ်၊ အစ္စရေးကို ဘက်ပေါင်းစုံက ပိတ်ဆို့ အရေးယူရမယ်။အခုတော့ သူတို့ ရပ်တည်ချက်က ပြောင်းပြန်။ ရန်စ တိုက်ခိုက်သူ အစ္စရေးဘက်က သူတို့ အပြတ်အသတ် ရပ်တယ်။ လေနဲ့ပဲ ရပ်တည်တာ မဟုတ်ဘူး၊ ကျည်း၊ ရေ၊ လေ စစ်လက်နက် အစုံအလင်နဲ့ အပြတ်အသတ် ကာကွယ်ရပ်တည်ပေးနေတာ။ နှစ်စဉ် ဒေါ်လာ ဘီလျံပေါင်းများစွာ အစ္စရေးကို ထောက်ပံ့ပေးနေတာတွေ မပါသေးဘူး။ ဒီကြားထဲက အီရန်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်၊ သည်းညည်းခံ (restraint လုပ်) ရမယ်လို့ ထပ်တလဲလဲ ပြောကြသေးတယ်။ ဘယ့်လောက် ကြောင်သူတော်ဆန်လိုက်သလဲ။တကယ်တော့ အီရန်ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့လို့ အရှေ့အလယ်ပိုင်း ဒေသကြီးတခုလုံး စစ်မီး ပင်လယ်ထဲ ရောက်မသွားသေးတာ။ နတန်ညာဟုဘက်က အဲဒီလမ်းကြောင်းကို တွန်းပို့နေတာ အကြိမ်ကြိမ်။ ၂၀၂၄ ဧပြီ ၁ ရက်နေ့မှာ အစ္စရေးက ဒမတ်စကပ်(စ်)မှာ ရှိတဲ့ အီရန် သံရုံးကို လမ်းကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ စစ်ပြန် တပ်မှူးနှစ်ဦးအပါအဝင် အီရန် ၇ဦး သေဆုံးခဲ့ရတယ်။ အီရန်နဲ့ စစ်မဖြစ်ဖြစ်အောင် အစ္စရေးဘက်က စနစ်တကျ ရန်စလာတဲ့ လုပ်ငန်းစဉ်တွေပဲ။ဒီလို အစ္စရေးဘက်က စနစ်တကျ ရန်စ တိုက်ခိုက်လာတဲ့ ဖြစ်စဉ်တလျှောက်လုံးမှာ အနောက် အရင်းရှင်နယ်ချဲ့ အစိုးရတွေ၊ လွတ်လပ်ပါတယ်ဆိုတဲ့ အနောက် မီဒီယာကြီးတွေက ဘယ်သူ့ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ခိုင်းသလဲ။ အစ္စရေးကို အဲသလို ပြောတာ တခါမှ မတွေ့ရတာ အတော် ထူးဆန်းတယ်။ အမြဲတမ်း အီရန်ပဲ။“အရှေ့အလယ်ပိုင်း ဒေသကြီး မတည်မငြိမ် ဖြစ်နေရခြင်း၊ အကြမ်းဖက်မှုတွေ ပြည့်နှက်နေရခြင်းရဲ့ အဓိက လက်သည်က အီရန်” လို့ အနောက် အရင်းရှင်နယ်ချဲ့ ဂိုဏ်း (G7) ရဲ့ ထုတ်ပြန်ချက်က ဆိုထားတယ်။ ဒါဆို အစ္စရေးက ငြိမ်းချမ်းရေး ဖော်ဆောင်သူကြီးလားလို့ ဂါဇာ ပြည်သူတွေက မေးကြလိမ့်မယ်။ဒရမ်မာတိုင်းမှာ သူရဲကောင်းတွေ၊ လူဆိုးတွေ ရှိကြတယ်။ စစ်ပွဲတိုင်းမှာလဲ မိစ္ဆာ အင်းအားစုတွေနဲ့ သူတော်ကောင်း အင်အားစုတွေ တိုက်ပွဲဝင်နေကြတယ်လို့ ပြောတတ်ကြတယ်။ လွတ်လပ်ပါတယ်ဆိုတဲ့ မီဒီယာကြီးတွေက အစ္စရေးကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တရားမျှတမှု ရရှိရေး စွမ်းစွမ်းတမံ အားထုတ်နေသူလို့ ပုံဖော်ပြီး အီရန်ကိုတော့ အရှေ့အလယ်ပိုင်း တခုလုံးက မကောင်းဆိုးဝါးတွေရဲ့ ရေသောက်မြစ်လို ပုံဖော်နေကြတယ်။[1]သို့သော်လဲ အဆုံးမတော့ လုံးဝ ဆန့်ကျင်ဖက်လို့ ထင်ရတဲ့ အဲဒီ ရန်ဖက် အင်အားစု နှစ်ခုလုံးက ကမ္ဘာနဲ့ချီတဲ့ ပျက်ကပ်ကြီး ဖြစ်သွားအောင် အတူတကွ လုပ်ဆောင်နေကြပါရောလား။ဇိုင်ယင်နစ်တွေရဲ့ ဦးတည်ချက်ယူအက်(စ်) အရင်းရှင်နယ်ချဲ့က အရင်နဲ့စာရင် ပါဝါအကျဘက်ကို ရောက်လာပြီ။ ဒီအချက်ကို ကျနော်တို့ အမြဲ ထောက်ပြခဲ့တယ်။ အဲသလို အခြေအနေမှာ ဒေသတွင်း နယ်ချဲ့ ပါဝါတွေက သူတို့ရဲ့ အင်အားကို ထုတ်သုံးရဲလာတယ်။ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်နေခိုက် သူတို့ အကျိုးစီးပွားအတွက် ကစားလာကြတယ်။ အထင်အရှား နမူနာပြရင် တူရကီ၊ အိန္ဒိယနဲ့ အစ္စရေးတို့ပဲ။အစ္စရေးက အမေရိကန် အထောက်အပံ့နဲ့ ဗိုလ်လုပ်နေရတာ မှန်တယ်။ ဒါပေမယ့် အစ္စရေး လုပ်သမျှ အမေရိကန် အကျိုးစီးပွားချည်းလို့ မဆိုနိုင်ဘူး။ ဇွန်လ ၁၅ ရက်နေ့မှာ အမေရိကန် အစိုးရနဲ့ အီရန် အစိုးရတို့ နျူကလိယာ ဆွေးနွေးပွဲ လုပ်ဖို့ ရှိတယ်။ နတန်ညာဟုရဲ့ ဇွန် ၁၃ ရန်စ တိုက်ခိုက်မှုကြောင့် ဒီဆွေးနွေးပွဲလဲ ပျက်သွားပြီ။ ဒါဟာ ချိန်သားကိုက် တိုက်ခိုက်မှု ဆိုတာ ထင်ရှားပါတယ်။ အီရန်ရဲ့ နျူကလိယာ လက်နက် ထုတ်လုပ်မယ့် အစီအစဉ်ကို အချိန်မီ ဖျက်စီးဖို့ တိုက်ရတာပါ ဆိုတာ အလိမ်အညာသက်သက်ပဲ။ နတန်ညာဟုက အီရန်နဲ့ စစ်မဖြစ်ဖြစ်အောင် ရန်စ တိုက်ခိုက်ရင်း အမေရိကန်ပါ ဒီစစ်ထဲ ပါလာအောင် ဆွဲသွင်းဖို့ ကြိုးစားလိုက်ခြင်း ဖြစ်တယ်။နတန်ညာဟုဘက်က ဒီလို ဖြစ်ချင်နေတာ ကြာပြီ။ ဒီအတွက် ဦးတည်ပြီး စနစ်တကျ လုပ်လာတာပဲ။ အီရန်ကို ရန်စ တိုက်ရတဲ့ ဦးတည်ချက်က ဒါပဲ။ သူ့လုပ်ရပ်တွေ ကြည့်လိုက်ရင် ဒီဦးတည်ချက်ကနေ ထွက်ပေါ်လာမှန်း တွေ့ရမယ်။အပြစ်မဲ့ လူသားပေါင်းများစွာရဲ့ သွေးတွေ ပေကျံနေတဲ့ စစ်ရာဇဝတ်ကောင်လို့ နတန်ညာဟုကို လက်ဝဲဘက်က ဝေဖန်ကြတယ်။ ခြွင်းချက်မရှိ မှန်ကန်ပါတယ်။ ဒါပေမယ့် အမုန်းတရားတွေနဲ့ သွေးစာပြီး လူတွေ လိုက်သတ်နေတဲ့ အရူးကြီးလို့ ပုံဖော်တာကတော့ မှားပါတယ်။နတန်ညာဟုရဲ့ လုပ်ရပ်တွေက ရာရှင်နယ်မဖြစ်ဘူးလို့ ပြောလို့ မရဘူး။ မုန်းတီးမှုသက်သက်ကြောင့် ဒါတွေ လုပ်နေတာ မဟုတ်သလို ရာရှင်နယ်မကျတဲ့ စိတ်ခံစားမှုကြောင့် လုပ်နေတာလဲ မဟုတ်ဘူး။ တကယ်တော့ သူ့တွက်ကိန်းနဲ့သူ။ ဒီတွက်ကိန်းတွေကလဲ လုံးဝ ရာရှင်နယ် ဖြစ်တယ်။၂၀၂၄ ဩဂုတ်လ ၂ရက်နေ့မှာ Alan Woods ရေးခဲ့တဲ့ Middle East crisis: Sleepwalking into the abyss ဆောင်းပါးထဲမှာ အခုလို သုံးသပ်ထားတယ် -“နတန်ညာဟုက တုန်လှုပ်ခဲတဲ့ ကိုယ်ကျိုးကြည့်သက်သက် နိုင်ငံရေးသမား၊ မူမဲ့တဲ့ ကစားကွက်တွေ အမျိုးမျိုး လုပ်ခဲ့ဖူးသလို အကျင့်ပျက် ခြားစားမှု မှတ်တမ်းလဲ ရှိတဲ့သူ။ ဂါဇာ စစ်ပွဲသာ အဆုံးသတ်သွားရင် သူ အာဏာ လက်မဲ့ ဖြစ်သွားပြီး ထောင်ကျသွားနိုင်မှန်း သူ့ကိုယ်သူ ကောင်းကောင်း သိတယ်။ သူ့နိုင်ငံရေး ဘဝ ချုပ်ငြိမ်းသွားမယ့် အလားအလာက ဘယ်လိုမှ ကောင်းနိုင်ဖွယ် မရှိဘူး။ အစ္စရေး ထောင်ထဲ ကြာရှည် နေသွားရမယ့် အဖြစ်က သူ့အတွက် မနှစ်မြို့စရာ အလားအလာ ဖြစ်နေတယ်။သူ့ကိုယ်သူ အဖတ်ဆယ်လို့ ရနိုင်မယ့် တခုတည်းသော သူ့မျှော်လင့်ချက်က ပြတ်သားတဲ့ ခေါင်းဆောင် (စစ်ခေါင်းဆောင်) တယောက်အဖြစ် သူ့ကိုယ်သူ ပုံဖော်ရေးပဲ။ ဒါပေမယ့် စစ်ခေါင်းဆောင် ဖြစ်ဖို့ဆိုရင် ခေါင်းဆောင်စရာ စစ်ပွဲ ရှိနေမှ ဖြစ်မယ်။ ရိုးရှင်းတဲ့ ဒီညီမျှခြင်းကနေ ကောက်ချက်ဆွဲလို့ ရနိုင်တာ တခုပဲ ရှိတယ်၊ အဲဒီ အချက်ကလဲ ချက်ချင်းဆိုသလို ထင်ရှားလာပြီ …အစ္စရေး ပြည်သူတွေဟာ ပြည်ပ အင်အားကြီး ရန်သူတွေဆီက လာတဲ့ သေရေးရှင်ရေး အန္တရာယ်ကြီးကို ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း၊ ဒီရန်သူတွေကို အင်အားသုံး ရင်ဆိုင်မှာ ရမှာဖြစ်ကြောင်း၊ ဒီရန်သူတွေဟာ အင်အားနဲ့ စကားပြောမှ နားလည်သူတွေ ဖြစ်ကြောင်း နတန်ညာဟုက သူ့ပြည်သူတွေကို စည်းရုံးသိမ်းသွင်းရမယ်။”ပြည်တွင်းမှာ ပြဿနာတွေ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ နတန်ညာဟုအဖို့ အလွန်ကျဉ်းမြောင်းတဲ့ ပုဂ္ဂလိက အကျိုးစီးပွား တွက်ကိန်းတွေကလဲ အတော်လေး အရေးပါလိမ့်မယ်။ ပြည်တွင်းရေး ပြဿနာတွေကနေ ရှောင်ပြေးလို့ အကောင်းဆုံး နည်းကတော့ ပြည်ပကို စစ်ရေး ကျူးကျော် တိုက်ခိုက်မှု ပြုလုပ်ခြင်းပဲ။ ဒီနည်းနဲ့ သူ့ကိုယ်သူ “မဟာ စစ်ခေါင်းဆောင်ကြီး” အဖြစ် လူပုံအလယ် ဟန်ရေးပြနိုင်မယ်။အထက်မှာ ကောက်နှုတ်ဖော်ပြခဲ့တဲ့ ၂၀၂၄ ဆောင်းပါးမှာပဲ Alan Woods က အခုလို ကောက်ချက်ဆွဲထားတယ် -နတန်ညာဟုက အီရန်ကို စစ်စတိုက်ဖို့ ဆုံးဖြတ်ထားပြီးသား။ ဒီလို စစ်ဖြစ်သွားရင် ဒေသတွင်းတခုလုံး ကူးစက်သွားတဲ့ စစ်ပွဲကြီး ဖြစ်သွားမယ်။ ဒီအခါ ယူအက်(စ်)အပါအဝင် တခြား ပါဝါတွေကိုပါ စစ်ထဲ ဆွဲသွင်းသွားမယ်။ ဒါက သူ့ရည်မှန်းချက်ပဲ။ ဒီဦးတည်ချက်ကနေ သွားဖည်သွားအောင် ဘယ်သူ ဘယ်အရာကမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။”ဒီကောက်ချက် ရာနှုန်းပြည့် မှန်ကန်ကြောင်း လက်တွေ့ဖြစ်ရပ်တွေက သက်သေပြသွားတယ်။ ဒီအချက်ကို သဘောပေါက်ရင် လက်ရှိ အခြေအနေရဲ့ သဘောသဘာဝနဲ့ အရင်းခံ အကြောင်းကို ကျနော်တို့ နားလည်နိုင်ပါပြီ။အစ္စရေး ပြည်သူတွေကို ပြည်ပက ခြိမ်းခြောက်နေတဲ့ ရန်သူတော်ကြီး အီရန်လက်ကနေ ဇိုင်ယင်နစ် နိုင်ငံတော်က ကာကွယ်ပေးနေရသယောင် အစဉ်တစိုက် ဝါဒဖြန်ခဲ့တယ်။ တကယ့် လက်တွေ့မှာ နတန်ညာဟုတို့ ဇိုင်ယင်နစ်တွေရဲ့ လုပ်ရပ်က အစ္စရေး ပြည်သူ တရပ်လုံးကို ဓားစာခံအဖြစ် ပြန်ပေးဆွဲထားသလို ဖြစ်နေပြီ။ အီရန် ဆိုတဲ့ ပြည်ပ ရန်သူကြီးကို လက်ညှိုးထိုးပြီး ငါတို့ ဇိုင်ယင်နစ် နိုင်ငံတော်ကို မင်းတို့တတွေ မဖြစ်မနေ ထောက်ခံမှ ဖြစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ သဘောပဲ။နတန်ညာဟု အစိုးရက သူ့ပြည်တွင်းမှာ လူထု ထောက်ခံမှု အတော် ကျဆင်းနေပြီ။ နတန်ညာဟု အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေလဲ အကြီးအကျယ် ဖြစ်ခဲ့တာတွေ ရှိတယ်။ နတန်ညာဟု အစိုးရ သက်ဆိုးရှည်ဖို့ အလားအလာက နည်းနေပြီ။ ဂါဇာမှာလဲ ဆက်တိုက်စရာ ပစ်မှတ်ကို မကျန်တော့ဘူး။ သူတို့ သက်ဆိုးရှည်ဖို့ စစ်အရှိန်ကို တောက်လျှောက် တင်ထားမှပဲ ဖြစ်နိုင်မယ်။ ဒါ့ကြောင့် သူတို့ လက်ဘနန်ကို ဖျက်စီးတယ်၊ ယီမင်ကို ဗုံးကြဲတယ်။ ဆီးရီးယားကို ဗုံးကြဲတယ်။ အခု နောက်ဆုံး အီရန်ကို သွားရန်စလိုက်တာပဲ။ဒါပေမယ့် ဒီစစ်ပွဲဟာ အစ္စရေး တကောင်တည်းက အီရန်ကို တိုက်တဲ့ စစ်ပွဲလို့ ယူဆရင် မှားပါတယ်။ အစ္စရေးရဲ့ စစ်လက်နက် ၇၀% ဟာ ယူအက်(စ်)က လာခြင်း ဖြစ်တယ်။ ဒါ့ကြောင့် ဒီစစ်ပွဲဟာ အစ္စရေး တကောင်တည်း ဗိုလ်ကျနေတဲ့ စစ်ပွဲ မဟုတ်ဘူး၊ ယူအက်(စ်) ခေါင်းဆောင်တဲ့ အရင်းရှင်နယ်ချဲ့တွေက အရှေ့အလယ်ပိုင်း ဒေသကြီးကို ခြယ်လှယ်အုပ်စိုးဖို့ တိုက်နေတဲ့ စစ်ပွဲလို့ အတိအကျ ပြောနိုင်ပါတယ်။နယ်ချဲ့သမား ပြောတဲ့ နျူကလိယာ အန္တရာယ်နဲ့ မင်းပြောင်းမင်းလွှဲ အိပ်မက်အီရန် အစိုးရက နျူကလိယာ ဗုံး ထုတ်လုပ်ရေး အပူတပြင်း ကြိုးစားနေလို့ နတန်ညာဟုတို့ ဇိုင်ယင်နစ် အစိုးရက လက်ဦးမှုရှိရှိ ဝင်တိုက်လိုက်တာ ဆိုတဲ့ ဝါဒဖြန့်ချက်မျိုး တွင်တွင်ကျယ်ကျယ် တွေ့ရတယ်။ ဒီအချက်က မမှန်ပါဘူး။ အီရန်ဘက်က အချိန်တိုအတွင်း နျူကလိယာ လက်နက် ထုတ်လုပ်နိုင်တဲ့ အန္တရာယ် မရှိသေးဘူးလို့ အမေရိကန် အပါအဝင် (ထဲထဲဝင်ဝင် သိတဲ့) ရင်းမြစ် အားလုံးက ဆိုထားပြီးသား။ နောက်ဆုံးတနေ့မှာ အီရန်လဲ နျူကလိယာ လက်နက် ထုတ်လုပ်ဖို့ လိုအပ်တာတွေ အားလုံး ပိုင်ဆိုင်သွားမယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် အခု နတန်ညာဟုတို့ ပုံဖော်နေသလို အစ္စရေးအတွက် “လက်ငင်း အန္တရာယ်ကြီး ကျရောက်နေပြီ” ဆိုတာ လုံးဝ မဟုတ်ပါဘူး။တကယ့် အဖြစ်မှန်က အီရန်အနေနဲ့ နောက် သုံးနှစ်အတွင်း နျူကလိယာ လက်နက် မပိုင်ဆိုင်နိုင်သေးဘူးလို့ ယူအက်(စ်) ထောက်လှမ်းရေး အေဂျင်စီတွေကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောထားတယ်။ စစ်ဒရမ်တွေ ဆူညံသထက် ဆူညံလာတဲ့အခါ ဒီအချက်တွေအားလုံး ဘေးရောက်သွားတယ်။ဒီနေရာမှာ ကြောင်သူတော်ဆန်တဲ့ အချက်ကို သိသိရက်နဲ့ လစ်လျူရှုထားကြလွန်းလို့ ထည့်ပြောရဦးမယ်။ ‘အီရန်က နျူကလိယာ လက်နက် ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတဲ့ မိစ္ဆာကြီး၊ ဒါ့ကြောင့် ဒီမိစ္ဆာကြီး အစွယ် မပေါက်ခင် ဦးချိုးထားမှ’ လို့ သူတော်စင်ကြီး အစ္စရေးက အသံကောင်း ဟစ်ပါတယ်။ တကယ်တော့ အစ္စရေးကိုယ်တိုင်က နျူကလိယာ ပါဝါဖြစ်နေတယ်။ ဒီအချက်ကို အရေးသိပ် မကြီးတဲ့ အသေးစိတ် အချက်ကလေးလို့ ယူဆကြသလား မသိပါဘူး။ ထည့်ပြောတာ သိပ်မတွေ့ရ။ကိုယ်တိုင် နျူကလိယာ လက်နက် ပိုင်ထားတဲ့ အစ္စရေးက အီရန် နျူကလိယာ လက်နက် ပိုင်သွားမှာကို ဘာ့ကြောင့် သေမလောက်ကြောက်နေရသလဲ၊ ဘာ့ကြောင့် ဝင်ဖျက်ဆီးနေတာလဲ၊ ဒီမေးခွန်းကို မေးသင့်တယ်။ ယူကရိန်းက နေတိုး စစ်အုပ်စုထဲ ဝင်တာ သူ့လွတ်လပ်ခွင့်ဆိုရင် အီရန်က သူ့နိုင်ငံတွင်း နျူကလိယာ လက်နက် ထုတ်တာ သူ့လွတ်လပ်ခွင့်လို့ လက်ခံရလိမ့်မယ်။ ဒါမှ ရှေ့နောက်ညီမယ်။အမေရိကန်နဲ့ အစ္စရေးက သူတို့ပဲ နျူကလိယာ လက်နက်တွေ ပိုင်ဆိုင်ခွင့် ရှိတယ်၊ ကျန်တဲ့သူက ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပုံရတယ်။ အဲသလို ပြဋ္ဌာန်းပိုင်ခွင့် သူတို့ကို ဘယ်ပြည်သူတွေက အပ်နှင်းလိုက်တာလဲ။ ဘယ်ပြည်သူကမှ အဲသလို လုပ်ပိုင်ခွင့် ပေးထားတာ မရှိပါဘူး၊ ငါတို့ဘာသာ အင်အားရှိလို့ ကမ္ဘာပတ် မိုက်ကြေးခွဲနေတာဟေ့ လို့ ပြောနေတာပဲ။ ‘လုပ်ရပ်က စကားလုံးတွေထက် အသံ ပိုကျယ်တယ်’ ဆိုတဲ့ ဆိုရိုးစကား ရှိရဲ့ မဟုတ်လား။တကယ်တော့ နတန်ညာဟုတို့ ပုံဖော်သလို အီရန်က နျူကလိယာ လက်နက် လက်ဝယ် ပိုင်ဆိုင်ရေး အပူတပြင်း ကြိုးစားနေတာ မဟုတ်ဘူး။ အရင်းရှင်နယ်ချဲ့ ကမ္ဘာမှာ နျူကလိယာ လက်နက် ပိုင်ဆိုင်သူ အသစ် ထပ်ပေါ်လာမယ့် အဖြစ်ကို ဗိုလ်လုပ်နှင့်ပြီးသား နယ်ချဲ့ပါဝါတွေက ဒီတိုင်း ကြည့်နေမှာ မဟုတ်မှန်း သူတို့ သိတာပေါ့။ အီရန်က “nuclear threshold state” အနေနဲ့ပဲ ရပ်တည်ဖို့ ကြိုးစားနေတာ။ ဘာ့ကြောင့်လဲ။အဖြေသိချင်ရင် ဝေးဝေး ကြည့်စရာတောင် မလိုပါဘူး။ အနီးခေတ်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်ရင် မြင်ရပါလိမ့်မယ်။ မမြင်ချင်ယောင်ဆောင်ထားရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ အီရန် နံဘေးက အီရတ်ကို အမေရိကန်က ဝင်ကျူးကျော် တိုက်ခိုက်တုန်းက ဘယ်လို ဆင်ခြေပေးခဲ့သလဲ။ အီရတ်မှာ လူအများ သေကြေအောင် ဖျက်စီးပစ်နိုင်တဲ့ လက်နက်တွေ weapons of mass destruction (WMD) ပိုင်ဆိုင်ထားတယ်လို့ စွပ်စွဲပြီး ဝင်တိုက်ခဲ့တာပဲ။ တကယ့် လက်တွေ့မှာ ဘာ (WMD) မရှိဘူး။ မရှိမှန်း အစကတည်းက သူတို့ သိပြီးသား။ အီရတ်ကို မကောင်းဆိုးဝါး ဗီလိန်ဇာတ်သွင်းပြီး သူတို့က သူတော်စင် ဟီးရိုး အယောင်ဆောင်ဖို့ ပေးခဲ့တဲ့ ဆင်ခြေသက်သက်ပဲ။အဲသလိုပဲ နှစ်ပေါင်း ၂၀ ကြာ ယူအက်(စ်) နယ်ချဲ့ ဝင်မွှေသွားတဲ့ အာဖဂန်ကို ကြည့်ဦးမလား။ သူလဲ အီရန် ဘေးကပ်ရပ်မှာပဲ ရှိတာ။ နောက် သူ့ဘေးမှာ ရှိတဲ့ ပါကစ္စတန်က နျူကလိယာ လက်နက်ရှိပြီး အမေရိကန် လက်ဝေခံ။ အရှေ့လယ်ပိုင်းမှာ မင်းမူနေတဲ့ အစ္စရေးက အမေရိကန် လက်ဝေခံ ဖြစ်သလို နျူကလိယာ လက်နက် ပိုင်ထားသူလဲ ဖြစ်တယ်။ ဒီတော့ အီရတ်နဲ့ အာဖဂန်ပြီးရင် ယူအက်(စ်)က ဘယ်သူ့ဘက် လှည့်လာမလဲ။ အီရန်ဘက် လှည့်မလာဘူးလို့ ဘယ်သူ ပြောနိုင်လဲ။ အခု လက်တွေ့ ဖြစ်ရပ်တွေက သက်သေထူနေပါပြီ။ ငြင်းနေစရာတောင် မလိုတော့ဘူး။ဒီတော့ အီရန်အနေနဲ့ “nuclear threshold state” ဖြစ်အောင် ကြိုးစားတာ ဘာဆန်းသလဲ။ တကယ်သာ အီရန်လက်ထဲ နျူကလိယာ လက်နက် ပိုင်ဆိုင်ထားရင် အစ္စရေးနဲ့ အမေရိကန် အခုလို ဗုံးသွားကြဲရဲမလား။ မကြဲရဲပါဘူး။ မြောက်ကိုးရီးယားကို နမူနာကြည့်ရင် ရှင်းပါတယ်။ မြောက်ကိုးရီးယားမှာ နျူလက်နက် ရှိနေလို့ သူတို့ စစ်ရေးအရ အခုလို ဗိုလ်မကျရဲတာ။ တကယ် ရှိရင် သူတို့ မထိရဲဘူး ဆိုတာ အီရန်ဘက်က ကောင်းကောင်း သိတာပေါ့။ဒီလောက်ဆို အီရန်က နျူကလိယာ လက်နက်တွေ ပိုင်တော့မှာ၊ ငါတို့ အစ္စရေး နိုင်ငံရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နေပြီ ဆိုတဲ့ စကားတွေက အလိမ်အညာတွေမှန်း ထင်ရှားလောက်ပြီ ထင်ပါတယ်။အမေရိကန်က အီရန်ဘေးနားရှိတဲ့ အာဖဂန်နဲ့ အီရတ်ကို ဆယ်စုနှစ် နှစ်ခုကြာအောင် ဝင်မွှေပြီး ဖျက်စီးခဲ့တယ်လို့ အထက်မှာ ဆိုခဲ့တယ်။ ဒီနေရာမှာ ထပ်ဖြည့်ဖို့ လိုတဲ့အချက်က သူတို့ နှာခေါင်း ကျည်ပွေ့တွေ့ပြီး အထိနာသွားခဲ့တယ်။ (အီရတ်မှာ ၁၅ နှစ်၊ အာဖဂန်မှာ အနှစ် ၂၀ စစ်နွံနစ်ပြီး) ယူအက်(စ်) အရင်းရှင် နယ်ချဲ့ပါဝါ အင်အား ဆုတ်ယုတ်သွားခဲ့ကြောင်း ထင်ရှားတယ်။ ဒါ့အပြင် အမေရိကန် အခွန်ထမ်း ပြည်သူတွေအနေနဲ့ ယူအက်(စ်) စစ်တပ်တွေကို ဘယ်နိုင်ငံခြား စစ်မြေပြင်မှာမှ ဝင်ပါတာမျိုး လက်မခံတော့ဘူး။ ဇွတ်ဝင်ပါရင် အဲဒီ အစိုးရ သက်ဆိုးရှည်မှာ မဟုတ်ဘူး။ဒီအချက်ကို သိလို့ အိုဘားမား လက်ထက်မှာ ဆီးရီးယားကို မြေပြင် စစ်တပ် မလွှတ်ရဲခဲ့တာ။ ဒီကနေ့ ထရမ့်လက်ထက်မှာလဲ ဒီအချက်ကို သူတို့ ထည့်မစဉ်းစားဘဲ မနေရဲဘူး။ တကယ်တော့ ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရခဲ့တဲ့ အကြောင်းတွေထဲ ဒီအချက်လဲ ပါတယ်။ ယူကရိန်းလို အရှေ့အလယ်ပိုင်းလို ပဋိပက္ခတွေမှာ အမေရိကန်က ဝင်ပါရင်း နိုင်ငံ ကြွေးမြီက ဒေါ်လာ ၃၆ ထရီလီယံ ကျော်လာပြီ။ ဒါ့ကြောင့် ဒီပဋိပက္ခတွေကနေ အမေရိက ထွက်အောင် လုပ်ပေးမယ်လို့ ဒေါ်နယ်ထရမ့် ကတိတွေ ပေးပြီး တက်လာခဲ့ရတာပဲ။ အခု သူ့ကတိတွေ တခုမှ အကောင်အထည် မဖော်နိုင်ဘူး။ အစ္စရေး-အီရန် စစ်ပွဲမှာသာ ယူအက်(စ်)ဝင်ပါရင် ပိုဆိုးမယ်။တဖက်မှာ ယူအက်(စ်) အရင်းရှင်နယ်ချဲ့ ပါဝါအဲသလို အင်အား ဆုတ်ယုတ်နေချိန် အရှေ့အလယ်ပိုင်းမှာ အီရန်က အားကောင်းသထက် ကောင်းလာတယ်။ စစ်ရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေး ဩဇာအရ အီရန်ဟာ ဒေသတွင်း အင်အားကြီး နိုင်ငံ ဖြစ်လာတယ်။ တဖက်မှာ အမေရိကန်ရဲ့ ပရောက်စီ အစ္စရေးက ဗိုလ်ကျစစ်ခင်းရင်း အင်အား ချိလာပြီ။ ဒီလို အခြေအနေမှာ အီရန် အားကြီးလာခြင်းသည် အစ္စရေး အုပ်စိုးသူတွေအဖို့ ခြိမ်းခြောက်မှုလို့ မြင်လာကြလိမ့်မယ်။ အီရန်သာ “nuclear threshold state” ဖြစ်သွားခဲ့ရင် ဒေသတွင်း ဗိုလ်ကျ နယ်ချဲ့နေတဲ့ အစ္စရေးရဲ့ ဩဇာ အခုထက် ကျဆင်းသွားမှာပဲ။ အီရန်က နျူကလိယာ လက်နက် ထုတ်နိုင်တဲ့ အစွမ်း ရှိပြီ ဆိုပြီး အစ္စရေးကို ဝင်ရောက် ဖျက်စီးမယ်လို့ မဆိုလိုဘူး။ အီရန်ရဲ့ နိုင်ငံရေး ဩဇာနယ်ပယ် ပိုကျယ်လာမယ်၊ စီးပွားရေး ဈေးကွက်အရ၊ ကုန်သွယ်ရေး အရ အီရန်က အသာစီး ရလာမယ်။ ဒါကို ဒေသတွင်း နယ်ချဲ့ပါဝါ အစ္စရေးက လက်မခံနိုင်ဘူး။ဒါ့ကြောင့် အီရန်ဟာ existential threat ဖြစ်လာမယ် ဆိုတာ ဇိုင်ယင်နစ် အုပ်စိုးသူ လူတန်းစားအတွက်ဆိုရင် မှန်လိမ့်မယ်၊ အစ္စရေး အရင်းရှင်နယ်ချဲ့စနစ် ရှုထောင့်ကဆိုရင် မှန်လိမ့်မယ်၊ သို့သော် အစ္စရေး ပြည်သူ တရပ်လုံး ပျက်သုဉ်းသွားမယ့် အန္တရယ်ဆိုရင် မမှန်ဘူး။ ဒီနှစ်ခုကို အတူတူဖြစ်သယောင် ပုံမှားရိုက်ပြီး သူတို့ ဝါဒဖြန့်နေတာပဲ။အီရန်သာ အခုထက် အင်အား ပိုတောင့်လာရင် အစ္စရေး အုပ်စိုးသူ လူတန်းစား လုပ်နေတဲ့ ဇိုင်ယင်နစ် ပရောဂျက်ကို ရှေ့ဆက် အကောင်ထည် ဖော်နိုင်မှာ မဟုတ်ဘူး။ နတန်ညာဟုရဲ့ ကျဉ်းမြောင်းသော ပုဂ္ဂလိက နိုင်ငံရေး အကျိုးစီးပွားတွေကို ဒီနောက်ခံ အချက်တွေနဲ့ ဆက်စပ်ကြည့်လိုက်မှ ဇိုင်ယင်နစ် နိုင်ငံတော်ရဲ့ ရန်စ တိုက်ခိုက်မှုကို နားလည်နိုင်မှာ ဖြစ်တယ်။နတန်ညာဟုတို့ ထုတ်ပြောထားတဲ့ ရည်ရွယ်ချက် နောက်တခုက အီရန်မှာ မင်းပြောင်းမင်းလွှဲ လုပ်ချင်တာပဲ။ Irony တခုက ပါလက်စတိုင်း ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ထားတဲ့ သားသတ်သမားက အီရန် ပြည်သူတွေကို လူထု အုံကြွမှု ထလုပ်ဖို့ ဆော်ဩသတဲ့။ အီရန် ပြည်သူတွေအနေနဲ့ သူ့ပြည်တွင်းက အုပ်စိုးသူ မင်းအစိုးရကို မနှစ်သက်တာ မှန်တယ်၊ တော်လှန်အုံကြွခဲ့ကြတာတွေလဲ ရှိတာပဲ။ [တော်လှန်သော အီရန် ပြည်သူတွေဘက်က ရပ်တည် ရေးသားတဲ့ ဆောင်းပါးကို ကျနော်တို့ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတယ်။ အောက်မှာ လင့်(ခ်)ပေးထားပါမယ်။ အီရန် အစိုးရလဲ ကောင်းတာမှ မဟုတ်တာ၊ မင်းတို့က အစ္စရေးကိုပဲ တဖက်သတ် အပြစ်ဖို့နေတယ်လို့ စွပ်စွဲသူတွေ သွားဖတ်ကြည့်ပါ။]အီရန် ပြည်သူတွေအနေနဲ့ ခိုမေနီကို ဘယ့်လောက် မုန်းမုန်း လက်ငင်း သူတို့ကို ဗုံးကြဲသတ်နေတဲ့ နတန်ညာဟုတို့ ဇိုင်ယင်နစ်တွေကို ပိုမုန်းမှာတော့ သေချာတယ်။ အီရန် ပြည်သူတွေမှ မဟုတ်ဘူး၊ အရှေ့အလယ်ပိုင်းက အဖိနှိပ်ခံ ပြည်သူတွေဟာ အမေရိကန် နယ်ချဲ့သမားနဲ့ အစ္စရေး ဇိုင်ယင်နစ်တွေကို အသွေးအသားထဲက ခါးခါးသီးသီး မုန်းတီးတယ်ဆိုတာ ဘယ်သူမှ ငြင်းရဲမယ် မထင်ဘူး။ အဲလိုနယ်ချဲ့ဂိုဏ်းက လက်ရှိ သူတို့ကို ဗုံးကြဲသတ်နေတာ ဖြစ်တယ်၊ ဒီကြားထဲက သူတို့ကို အစိုးရ ဖြုတ်ချဖို့ အုံကြွခိုင်းရဲသေးတယ်။ မျက်နှာပြောင်တိုက်ရဲတဲ့ နေရာမှာ သူတို့ကို ဧတဒဂ် ပေးရတော့မယ်။ဒီနေရာမှာ နတန်ညာဟုတို့ ဝါဒဖြန့်ချက်ကို သံယောင်လိုက်နေတဲ့ လူထု နွေဦးတို့၊ ဘီဘီစီတို့ ဧရာဝတီတို့လို မီဒီယာတွေလဲ ရှိသေးတယ်။ အဲသလို မီဒီယာတွေရဲ့ သတင်း ဖော်ပြပုံကို ကြည့်လိုက်ရင် အီရန် အစိုးရ ဘယ်လို အာဏာရှင်ဆန်ကြောင်း၊ ဘာသာရေးကို ဘယ်လို ရှေ့တန်းတင်ကြောင်း သမိုင်းလှန်ပြီး တမေ့တမော အရင်ပြောမယ်၊ အစ္စရေးကိုတော့ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံ ဆိုတဲ့ ဇာတ်ကြောင်းနဲ့ အရင် စဖွင့်မယ်။ အီရန် အစိုးရဟာ အလွန်တရာ ဖောက်ပြန်တဲ့ အာဏာရှင်စနစ် ဖြစ်နေလို့ နတန်ညာဟု ပြောတဲ့ မင်းပြောင်းမင်းလွှဲဟာ မှန်ကန်ပြီးသားလို့ သူတို့ လက်ခံထားတာ တွေ့ရမယ်။ သူတို့ ဆောင်းပါးတွေမှာ ဆွေးနွေးနေတဲ့ အချက်က ဒီလုပ်ရပ် မှန် မမှန်၊ အဓိပ္ပါယ် ရှိမရှိ ဆိုတဲ့ ပြဿနာ မပါဘူး။ မင်းပြောင်းမင်းလွှဲ အောင်မြင်ပါ့မလား၊ အီရန် အစိုးရ ပြုတ်ကျသွားရင် ဘာဖြစ်သွားမလဲ၊ အစရှိတဲ့ ကိစ္စတွေကို ပြောနေကြတာ တွေ့ရမယ်။ ဥပမာ၊ The Irrawaddy သတင်းဌာနက Andrew Thomas ရေးတဲ့ “Regime change wouldn’t likely bring democracy to Iran. A more threatening force could fill the vacuum” ဆိုတဲ့ ဆောင်းပါးမျိုး ဘာသာပြန် ဖော်ပြထားတယ်။ဒါဆိုရင် ဂျီနိုဆိုက် တရားခံ သားသတ်ကောင် အုပ်ချုပ်နေတဲ့ အစိုးရ ဆိုပြီး အစ္စရေးကို အီရန်နဲ့ ရုရှားက ဝင်တိုက်မယ်ဆိုရင် အခုလို သူတို့ ပြောပါ့မလား။ မပြောတဲ့အပြင် အစ္စရေးရဲ့ အချုပ်အခြာအာဏာ ကာကွယ်ကြဆိုပြီး စစ်သွေးကြွနေကြလိမ့်မယ်။ဒီနေရာမှာ အီရန် အစိုးရ ဘယ်လို ဘယ်ပုံ အာဏာရှင်ဆန်ကြောင်း လက်တွေ့ခံနေရတဲ့ အီရန် ပြည်သူတွေ ကောင်းကောင်း သိတာပေါ့။ မိကျောင်းမင်းကို ရေခင်း ပြစရာ မလိုပါဘူး။ ဇိုင်ယင်နစ် အစိုးရနဲ့ သူ့အာဘော်တွေ ဖြန့်ပေးနေသူတွေ မေ့ချင်ယောင်ဆောင်ထားတဲ့ အချက်ကိုပဲ ကျနော်တို့ ထောက်ပြချင်တယ်။ ဖောက်ပြန်တဲ့ အာဏာရှင် အီရန် အစိုးရကို ဖြုတ်ချရေး ကိစ္စဟာ အီရန် ပြည်သူတွေရဲ့ ကိစ္စသာ ဖြစ်တယ်။ အလားတူပဲ၊ မင်းအောင်လှိုင်တို့ စစ်အာဏာရှင် အစိုးရကို ဖြုတ်ချရေးဟာလဲ ဗမာပြည်သူတွေရဲ့ ကိစ္စသာ ဖြစ်တယ်။ ဘယ်နယ်ချဲ့သမားကမှ ဟီးရိုး ဝင်လုပ်စရာ မလိုဘူး။ သူတို့ ဝင်မွှေလိုက်တာ ဆီးရီးယား ဘာဖြစ်သွားသလဲ၊ အီရတ် ဘာဖြစ်သွားသလဲ၊ အာဖဂန် ဘာဖြစ်သွားသလဲ။ ပြန်စဉ်းစားကြည့်ပါ။ဒါ့ကြောင့် အီရန် အစိုးရ အာဏာရှင်ဆန်ကြောင်း ထပ်တလဲလဲပြောပြီး နတန်ညာဟုတို့ စစ်မီးမွှေးတဲ့ ကိစ္စ၊ မင်းပြောင်းမင်းလွှဲ လုပ်ဖို့ ကြိုးစားတဲ့ ကိစ္စကို တရားထူထောင်လို့ မရဘူး။ ဒေသတွင်း စစ်မီးပင်လယ်ဝေပြီး လူသန်းချီ အသက်သေ၊ ဘဝပျက်သွားနိုင်တဲ့ အရေးမှာ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလို မလုပ်ကြစေချင်ဘူး။ဒါဆိုရင် ကွန်မြူနစ်တွေရဲ့ ရပ်တည်ချက်က ဘာလဲ။ ပထမ ကမ္ဘာစစ်အတွင်းက ကား(လ်) လိဘ်နက်ခ် ပြောခဲ့သလို ထပ်ပြောရလိမ့်မယ် - The Main Enemy is at Home!အစ္စရေး ပြည်သူတွေရဲ့ အဓိက ရန်သူဟာ အစ္စရေး ပြည်တွင်းက ဇိုင်ယင်နစ် အစိုးရပဲ။ ဇိုင်ယင်နစ် အစိုးရက ခြောက်လှန်ထားတဲ့ အီရန် အစိုးရ မဟုတ်ဘူး။ ဇိုင်ယင်နစ် အစိုးရကို ဖြုတ်မချနိုင်သရွေ့ အစ္စရေး ပြည်သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်ဘူး။ အာဏာရှင် အီရန် အစိုးရကို ဖြုတ်ချရေးဟာ အစ္စရေးရဲ့ သောက်လုပ် မဟုတ်ဘူး၊ အီရန် ပြည်သူတွေ ကိုင်တွယ်ရမယ့် ကိစ္စ။ အဲသလိုပဲ အမေရိကန် အလုပ်သမားထုရဲ့ အဓိက ရန်သူဟာ အမေရိကန် အစိုးရပဲ။အရှေ့အလယ်ပိုင်းမှာ ပန်ဒိုရာအိုးကို ဖွင့်လိုက်တဲ့ ဒေါ်နယ်ထရမ့်အစ္စရေးက အီရန်ကို ရန်စတိုက်ခိုက်ပြီး ၈ ရက်အကြာ၊ ၂၀၂၅ ဇွန်လ ၂၂ ရက်နေ့ မနက်အစောကြီးမှာပဲ အမေရိကန်က အီရန်ကို ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။ အမေရိကန်ဘက်က B2 ဗုံးကြဲလေယာဉ် ၆ စင်းနဲ့ ပေါင် သုံးသောင်းရှိတဲ့ ‘bunker buster’ ဗုံး အများအပြားသုံးပြီး အီရန်ဘက်က နျူကလိယာ ဆိုက်(ထ်)ကြီး သုံးခုဖြစ်တဲ့ Fordo, Natanz နဲ့ Isfahan တို့ကို တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် အမေရိကန် ရေတပ်က Tomahawk cruise missiles ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်။ အီရန်ဘက်က အမေရိကန်နဲ့ သက်ဆိုင်တဲ့ စစ်စခန်းတွေ၊ မြို့တွေ၊ စီးပွားရေး လုပ်ငန်းတွေအပါအဝင် ဘာတခုကို ထိပါးနှောင့်ယှက်ခြင်း အလျဉ်းမရှိပါဘဲ အမေရိကန်ဘက်က အခုလို ရန်စ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့ အရေးကြီးတယ်။ထုံးစံအတိုင်း အီရန်ရဲ့ နျူကလိယာ အန္တရာယ်ကြောင့်လို့ အကြောင်းပြပါတယ်။ ၂၀၀၃ တုန်းက အီရတ်ကို WMD (လူအမြောက်အများ သေကြေပျက်စီးနိုင်သော လက်နက်များ) ပိုင်ဆိုင်ထားတယ်လို့ လံကြုတ် အကြောင်းပြချက် ပေးပြီး အမေရိကန်က ဝင်ရောက် တိုက်ခိုက် ဖျက်စီးခဲ့သလိုပဲ၊ အခုလဲ နျူကလိယာ ပရိုဂရမ်ကို အကြောင်းပြပြီး အမေရိကန်က အီရန်ကို ဝင်ရောက် တိုက်ခိုက် ဖျက်စီးလိုက်တာပါပဲ။အရေးကြီးဆုံး နျူကလိယာ ဆိုက်(ထ်)ကြီး သုံးခုကို ဖျက်အားပြင်း ဗုံးကြီးတွေ ကြဲပြီး အပြီးတိုင် ဖျက်စီးလိုက်နိုင်ပြီလို့ ယူအက်(စ်) အစိုးရဘက်က ပြောနေပေမယ့် တကယ့် လက်တွေ့မှာ ဘယ်အတိုင်းအတာအထိ ပျက်စီးသွားပြီလဲ သူတို့ အတိအကျ မသိသေးပါဘူး။ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အပြည်ပြည်ဆိုင်ရာ နျူကလိယာ စွမ်းအင် စောင့်ကြည့်ထိန်းချုပ်ရေး အဖွဲ့ (IAEA) ရဲ့ ထုတ်ပြန်ချက်မှာ ဗုံးကြဲခံထားရတဲ့ ဆိုက်(ထ်)တွေကနေ ရေဒီယေးရှင်း ပမာဏ မြင့်တက်လာခြင်း မရှိသေးဘူးလို့ ဆိုထားပါတယ်။တနည်းအားဖြင့် အမေရိကန်ဘက်က ဖျက်အားပြင်း ဗုံးကြီးတွေ သုံးပြီး အီရန်ရဲ့ နျူကလိယာ ပရိုဂရမ်ကို ဖျက်စီးပစ်နိုင်ပြီလို့ လက်ခမောင်းခတ်နေတာတွေက အချိန်စောပါသေးတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဒီလို နည်းနဲ့ Fordo ဆိုက်(ထ်)ကို ဖျက်စီးနိုင်ခဲ့ရင်တောင် အီရန်ရဲ့ နျူကလိယာ ပရိုဂရမ်ကို သုတ်သင် ရှင်းလင်းပစ်လို့ မရနိုင်ဘူး။ အီရန်မှာ လုံလောက်တဲ့ စက်မှု အခြေခံ၊ နည်းပညာ အခြေခံ၊ ရင်းမြစ်နဲ့ သိပ္ပံပညာရှင် အသိုင်းအဝိုင်း ရှိတယ်။ ဒါတွေ အားလုံးကို ဗုံးကြဲရှင်းပစ်လို့ မရပါဘူး။ ဒါကိုလဲ အမေရိကန်ဘက်က မသိဘဲ မနေပါဘူး။ အမေရိကန် ခေါင်းဆောင်တဲ့ အရင်းရှင်နယ်ချဲ့ဂိုဏ်းက ဒီလို ရန်စ တိုက်ခိုက်လေ အီရန်ဘက်က နျူကလိယာ လက်နက် ရရှိရေးကို အရှိန်မြှင့် လုပ်လေပဲ ဖြစ်လာမယ်။ အနောက် အရင်းရှင်နယ်ချဲ့တွေကို အီရန် ပြည်သူတွေက ခါးခါးသီးသီး မုန်းတီးနေတာဖြစ်လို့ အီရန် အစိုးရရဲ့ ဒီအားထုတ်မှုကို အင်တိုက်အားတိုက် ထောက်ခံကြမှာပဲ။နတန်ညာဟု ခေါင်းဆောင်တဲ့ အစ္စရေး အစိုးရနဲ့ ဒေါ်နယ်ထရမ့် ခေါင်းဆောင်တဲ့ အမေရိကန် နယ်ချဲ့ အစိုးရတို့ရဲ့ ဒီလုပ်ရပ်တွေက အရှေ့အလယ်ပိုင်း ဒေသကြီး တခုလုံး စစ်မီးလောင်တိုက်သွင်းတဲ့ အဖြစ်ကို ရောက်သွားစေလိမ့်မယ်။ ‘all-out regional war’ ဖြစ်လာအောင် လုပ်နေတဲ့ တရားခံ စစ်မိစ္ဆာတွေဟာ သူတို့ပဲ။အီရန်ရဲ့ နျူကလိယာ ပရိုဂရမ်ကို ဖျက်စီးနိုင်တာ မသေချာပေမယ့် ဒေါ်နယ်ထရမ့်ဟာ နတန်ညာဟု ရည်ရွယ်ထားတဲ့အတိုင်း ရူးရူးမိုက်မိုက် လိုက်ပါသွားတာတော့ သေချာတယ်။ အမေရိကန်ဘက်က လေကြောင်း တိုက်ခိုက်မှုအပြီး ဒေါ်နယ်ထရမ့် မိန့်ခွန်းထွက်ပြောပါတယ်။ ဒီမတိုင်ခင်လေးမှာပဲ နတန်ညာဟုက ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း အားရပါးရ ဆိုထားတဲ့ ဗီဒီယိုဖိုင်ကို အစ္စရေးဘက်က ထုတ်လွှင့်ထားတယ်။ ကြိုပြီး record လုပ်ထားတဲ့ အဲဒီ ဗီဒီယိုဖိုင်မှာ နတန်ညာဟုက“အီရန်ရဲ့ နျူကလိယာ အဆောက်အအုံတွေကို ဆန့်ကျင်တိုက်ခိုက်လိုက်တဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူမှ မနှိုင်းယှဉ်သာကြောင်း၊ ကမ္ဘာ့ အန္တရာယ်အကြီးဆုံး အစိုးရကို ကမ္ဘာ့ အန္တရာယ် အကြီးဆုံး လက်နက် ပိုင်ဆိုင်ခွင့် မပေးသူအဖြစ် အမေရိကကို သမိုင်းက မှတ်တမ်းတင်သွားလိမ့်မည် ဖြစ်ကြောင်း၊ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်း လုပ်ဆောင်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသ အပြင်ဘက်အထိ ငြိမ်းချမ်းသာယာပြီး တိုးတက်ဖွံ့ဖြိုးသော အနာဂတ်ကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ကြောင်း”ပြောသွားခဲ့တယ်။စစ်မိစ္ဆာတွေက သူတို့ကိုယ်သူတို့ ငြိမ်းချမ်းရေး ဗိသုကာကြီးလိုလို ပုံဖော်ချင်ကြသေးတာပဲလို့ အရင်ဆုံး မှတ်ချက်ပြုရလိမ့်မယ်။ သေချာတာကတော့ သူပြောတာတွေနဲ့ ဆန့်ကျင်ဘက်တွေချည်း ဖြစ်လာလိမ့်မယ်။ အီရန်ရဲ့ နျူကလိယာ အန္တရာယ် လက်ညှိုးထိုးပြီး လူသန်းပေါင်းများစွာကို စစ်မီးပင်လယ်ထဲ ဆွဲချသူ၊ အရှေ့အလယ်ပိုင်းသာမက ကမ္ဘာ့ စီးပွားရေးတခုလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်ခဲ့သူ၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအစား အငတ်ဘေးတွေ သင့်စေခဲ့သူ အစိုးရ ခေါင်းဆောင်များအဖြစ် သမိုင်းမှာ ကမ္ဗည်းထိုးကြပါလိမ့်မယ်။ ဘီဘီရေ စိတ်ကူး သိပ်မယဉ်နဲ့။ယုံကြည်မှုအပြည့်ရှိသယောင် ဟန်ဆောင်ထားရပေမယ့် နတန်ညာဟုအနေနဲ့ ရတက်မအေးနိုင်ဘူး။ စိုးရိမ်မှုအပြည့်နဲ့ ရှင်သန်နေရတယ်။ ဘာ့ကြောင့် ဒီလို ပြောရသလဲ။ အကြားအမြင် ရနေလို့ ပြောနိုင်တာ မဟုတ်ဘူး။ အခြေအနေကို နားလည်ရင် နတန်ညာဟုတို့ အနေအထားကို အကဲခတ်ဖို့ မခဲယဉ်းပါဘူး။နတန်ညာဟုတို့ဘက်မှာ အချိန် မရှိဘူး။ မြန်မြန်ပွဲသိမ်း အောင်ပွဲခံနိုင်ဖို့ လိုအပ်တယ်။ အီရန် စစ်တပ် ထိပ်သီး ဗိုလ်ချုပ်တွေကို ရှင်းပစ်ပြီး လေတပ် ကာကွယ်ရေး စနစ်တွေ ချိုးဖျက်ထားလိုက်ပြီ၊ အီရန်ဘက်က ရုတ်တရက် ပြန်မတိုက်နိုင်လောက်အောင် ဖြစ်သွားပြီလို့ ဘယ်လိုပဲ ပြောပြော၊ စကားမဆုံးခင်မှာပဲ အီရန်က အစ္စရေးကို တာဝေးပစ် ဒုံးတွေနဲ့ ပြန်ထုနေပြီ။ လေကြောင်းကနေ ဘာနဲ့ထုထု မထိအောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်လို့ အမြဲ ကြွေးကြော်ထားတဲ့ အစ္စရေး လေကြောင်း ကာကွယ်ရေး စနစ်လဲ တကယ့် လက်တွေ့မှာ အပြည့်အဝ မကာကွယ်နိုင်ကြောင်း တွေ့ခဲ့ရပြီ။အဓိက အချက်က အီရန်ဘက်က ပစ်နေတဲ့ ဒုံးတွေကို ပစ်ချဖို့ အစ္စရေးဘက်မှာ Patriot missile ဆိုတာတွေ လုံလုံလောက်လောက် မရှိဘူး။ မရှိရင် ထပ်ထုတ် ဆိုတာမျိုး ခပ်လွယ်လွယ် မပြောနိုင်တဲ့ အခြေအနေ။ ထုတ်ရချိန် ကြာတယ်၊ အရင်းအနှီး များတယ်။ ကွန်မြူနစ်တွေက တဖက်သတ် ဝါဒဖြန့်နေတယ် စွပ်စွဲလို့မရအောင် The Economist က ဖော်ပြချက်ကိုပဲ ကိုးကားပြောပါမယ်၊ အစ္စရေးရဲ့ လေကြောင်း ကာကွယ်ရေး စနစ်အတွက် တရက် ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း သုံးရာနီးပါးလို့ သူတို့ပြောပါတယ် (သန်း ၂၈၀ ဝန်းကျင်လို့ သိရပါတယ်)။ လက်ရှိနှုန်းအတိုင်း အီရန်က ဒုံးတွေကို ပစ်ချနေရရင် ရှိပြီးသား စတော့(ခ်) လက်ကျန် မကြာခင် ရက်သတ္တပတ်အတွင်း ကုန်သွားတော့မယ်။ အစ္စရေး ကုန်သလို အီရန်လဲ ကုန်မှာပေါ့လို့ တွက်ရင် မှားပါတယ်။ အီရန်ဘက်က ပစ်နေတဲ့ ဒုံးတွေက ထုတ်လုပ်စရိတ် ဒေါ်လာ ထောင်ဂဏန်းပဲ ကုန်ကျပြီး ထုတ်လုပ်ချိန်လဲ မြန်ပါတယ်။ ဒါ့အပြင် လက်ရှိ စတော့(ခ်)တင် ထောင်ပေါင်းများစွာ ရှိနေလို့ ဒုံးရာချီ ဆက်တိုက် လွှတ်နေနိုင်တာပါ။ဒါ့ကြောင့် နတန်ညာဟုအနေနဲ့ ဒီနှုန်းအတိုင်း ရေရှည် ဆက်တိုက်သွားရင် ‘war of attrition’ မှာ အီရန်ဘက်က အသာစီးရသွားနိုင်ကြောင်း ကောင်းကောင်း သိတယ်။ သူစတင်လိုက်တဲ့ စစ်ပွဲကို မြန်မြန်နဲ့ ပွဲသိမ်းအောင် မတိုက်နိုင်ရင် သူ့ကြမ္မာကို တွေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ ဒေသတွင်း ဗိုလ်ကျ စစ်ခင်းနေတဲ့ အစ္စရေး လူ့အဖွဲ့အစည်းအနေနဲ့ ဒီစစ်ကုန်ကျစရိတ်တွေ ဆက်ထမ်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အီရန်နဲ့ စစ်ပွဲမှာ မြန်မြန် အောင်ပွဲမရသွားဘူးဆိုရင် အစ္စရေးရဲ့ အင်အားဟာ အခုထက် ပိုချိနဲ့သွားမှာ သေချာတယ်။ မဟာ စစ်ခေါင်းဆောင် ဖြစ်ချင်တဲ့ နတန်ညာဟုလဲ ခွေးဖြစ်သွားမယ်။ ဒါ့ကြောင့် ဒီစစ်ပွဲမှာ အမေရိကန် ဝင်ပါလာရေးက နတန်ညာဟုတို့ ဇိုင်ယင်နစ်တွေအတွက် သေရေးရှင်ရေး ကိစ္စ ဖြစ်လာတယ်။အခု အမေရိကန် ဝင်ပါလာတော့ ဘာဆက်ဖြစ်မလဲ။ ဒီအကြောင်း ဆက်မရေးခင် အနောက် အရင်းရှင်နယ်ချဲ့ဂိုဏ်းနဲ့ လွတ်လပ်သော အနောက် မီဒီယာကြီးများရဲ့ ကြောင်သူတော်ဆန်ပုံကို ထည့်ပြောဖို့ လိုလာတယ်။ ၂၀၂၂ မှာ ယူကရိန်းကို ရုရှားက ဝင်တိုက်တော့၊၂၀၂၃ မှာ အစ္စရေးကို ဟားမား(စ်)က ဝင်တိုက်တော့ သူတို့ ဘာပြောခဲ့လဲ၊ ယူကရိန်းနဲ့ အစ္စရေးတို့ဘက်က မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိကြောင်း ထပ်တလဲလဲ ပြောခဲ့ကြတယ် မဟုတ်လား။ အခု အီရန်ကို အစ္စရေးနဲ့ အမေရိကန်က ရန်စ တိုက်ခိုက်တော့ အီရန်ရဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် အကြောင်း သူတို့ လေသံဟသေးရဲ့လား။ အီရန်ဘက်က (defend herself) ဘယ်လို လုပ်မလဲလို့ သူတို့ မရေးဘူး၊ အီရန်ဘက်က ဘယ်လို (retaliate လုပ်မလဲ) လက်တုံ့ပြန်မလဲ ဆိုတာပဲ အမျိုးမျိုး ပြောနေကြတယ်။ သူတို့ ဗီလိန်လုပ်ထားတဲ့ ဇာတ်ကောင်ဆိုရင် အဲသလို စကားလုံး အသုံးအနှုန်းကအစ စနစ်တကျ ရွေးချယ်သုံးတတ်ပုံ၊ ကြောင်သူတော်ဆန်ပုံကို ထောက်ပြလိုရင်း ဖြစ်ပါတယ်။စစ်မိစ္ဆာတွေရဲ့ တွက်ကိန်းအမှားအမေရိကန် အစ္စရေးဘက်က ဝင်ပါလာလို့ အီရန်ကို လွယ်လွယ်နဲ့ အနိုင်ရသွားမယ် တွက်ရင် မှားလိမ့်မယ်။ ကျနော်တို့ သာမန် အရပ်သားတွေ တွက်ကိန်းလွဲလို့ ဘယ်သူမှ ဒုက္ခမဖြစ်ဘူး။ အိမ်ဖြူတော်မှာ တက်ထိုင်နေတဲ့ သမ္မတဆိုသူ တွက်ကိန်းလွဲရင်တော့ အရှေ့အလယ်ပိုင်းတင်မက ကမ္ဘာနဲ့အဝှမ်း ကြီးမားတဲ့ ဆိုးကျိုးတွေ ခံစားရလိမ့်မယ်။ကွန်မြူနစ်တွေရဲ့ အမြင်ကို မပြောခင် အရင်းရှင် လူတန်းစားဘက်က serious strategist တွေရဲ့ အာဘော် Financial Time ရဲ့ သုံးသပ်ချက်ကိုပဲ အရင် ဖော်ပြပါမယ်။ ဆောင်းပါးခေါင်းစဉ်က “Donald Trump gambles his presidency as US enters war with Iran” ဖြစ်ပါတယ်။ နောက်ထပ် ဘယ်ပဋိပက္ခမှာမှ အမေရိက မပါစေရဘူးလို့ လပေါင်းများစွာ ကတိပေးလာတဲ့ ယူအက်(စ်) သမ္မတက အခု ထဲရန်ကို တိုက်တဲ့နေရာမှာ အစ္စရေးဘက်က ဝင်ပါသွားပြီလို့ ကနဦး ဝေဖန်ထားတယ်။ ဒေါ်နယ်ထရမ့်ဟာ အကြီးမားဆုံး အလောင်းအစားတခုကို လုပ်လိုက်တာပဲ၊ သူ့အမြင်မှာ အီရန်နဲ့ သူ့ပရောက်စီတွေ အရှေ့လယ်ပိုင်းမှာ အင်အား အလွန်နည်းနေပြီ၊ ဒီလိုအချိန် အမေရိကန်က ကြားဝင်လိုက်ရင် စစ်ပွဲလဲ တာမရှည်ဘဲ လွယ်လွယ်အောင်ပွဲရသွားမယ်၊ အီရန်ဘက်က တုန်လှုပ်သွားပြီး စေ့စပ်ရေး မြန်မြန်လုပ်လိမ့်မယ်လို့ တွက်ထားတယ်။အီရန်ကို လေကြောင်းက တိုက်ခိုက်အပြီး ဒေါ်နယ်ထရမ့် ထွက်ပြောတဲ့ မိန့်ခွန်းမှာလဲ အီရန်ဘက်က ငြိမ်းချမ်းရေးစကား (ခြွင်းချက်မရှိ အညံ့ခံ အရှုံးပေးစကားလို့ ဖတ်ပါ) မြန်မြန်မပြောဘူးဆိုရင် ကျန်နေသေးတဲ့ တခြား ပစ်မှတ်တွေကို ‘precision, speed and skill’ နဲ့ တိုက်သွားမယ်လို့ ကြုံးဝါးသွားတယ်။ ဒီလိုနည်းနဲ့ ယူအက်(စ်)က အီရန်ကို မြန်မြန် အလဲထိုးနိုင်ရင် ယူအက်(စ်)တပ်တွေ အရှေ့အလယ်ပိုင်း စစ်မြေပြင်မှာ ကြာကြာဝင်ပါစရာ မလိုဘူး၊ အောင်ပွဲလဲ ခံနိုင်မယ်၊ သူတို့ ယူအက်(စ်)လဲ အရင်းအနှီး သိပ်မကုန်တော့ဘူးလို့ ‘real estate’ စီးပွားရေးလောကမှာ ကျင်လည်ခဲ့သူပီပီ တိမ်တိမ်ကလေး တွေးလိုက်ပုံပဲ။အီရန်ဘက်က အစွမ်းအစကို လျှော့တွက်ရာရောက်ပြီး တကယ့် မြေပြင်မှာ သူထင်သလို မဖြစ်နိုင်ကြောင်း serious strategist တွေက နားလည်ပုံပဲ။ ဒါ့ကြောင့် “အရှေ့အလယ်ပိုင်းမှာ ဒီထက် စစ်မီးကြီးထွားနိုင်တဲ့ အန္တရာယ်က အလွန်ကြီးတယ်၊ နောက်ထပ် ဂလိုဘယ် ပဋိပက္ခ အသစ်တွေမှာ ဝင်မပါတော့ဘူးလို့ ကတိပေးထားတဲ့ အမေရိကန် သမ္မတအနေနဲ့ တန်ပြန်ရိုက်ချက်တွေ ခံလာရနိုင်တယ်” လို့ FT က ထောက်ပြတယ်။FT ရဲ့ နောက်မှတ်ချက်တခုကိုလဲ ဒီနေရာမှာ ဖော်ပြလိုတယ်။ ‘စနေနေ့က ထရမ့်ကို မြင်ရတာ isolationist အဖြစ်ကနေ warmonger ဘဝကို ပြောင်းသွားတာ သဘောခွေ့နေပုံပဲ’ လို့ ဆိုထားတယ်။ ဒေါ်နယ်ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေကို ကြည့်လိုက်ရင် ယူကရိန်းစစ်၊ အရှေ့အလယ်ပိုင်းက ထာဝရ စစ်ပွဲတွေမှာ ယူအက်(စ်) ဝင်ပါနေတာ မလိုလားဘူး၊ ပြန်ထွက်ရမယ်၊ စစ်ရေးနည်းအစား အပေးအယူလုပ်တဲ့နည်းနဲ့ ကစားမယ်၊ ဆိုတဲ့ isolationist ရပ်တည်ချက်မျိုး တွေ့ရတယ်။ ဒါပေမယ့် အခု လုပ်ရပ်ကတော့ warmonger ဖြစ်သွားပြီ။Backfire လာလိမ့်မယ်ဒါရဲ့ နောက်ဆက်တွဲ တန်ပြန် ရိုက်ချက်တွေ လာပါလိမ့်မယ်။ ဒေါ်နယ်ထရမ့်ကိုယ်တိုင် သူ့ပြည်သူတွေ ဆန့်ကျင်တာ ခံရလိမ့်မယ်။ သူ့ကို မဲပေးလိုက်တဲ့ မဲဆန္ဒရှင်တွေကိုယ်တိုင် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်လာလိမ့်မယ်။ အမေရိကန် အစိုးရဟာ ကမ္ဘာ့ပုလိပ်ကြီးလုပ်၊ မနိုင်နိုင်တဲ့ စစ်ပွဲတွေမှာ ဝင်ပါရင်း ကြွေးမြီ ၃၆ ထရီလီယံကျော် တင်နေပြီ။ ဒါ့ကြောင့် ထရမ့်က နောက်ထပ် ဘယ်စစ်ပွဲမှာမှ ဝင်မရှုပ်တော့ပါဘူး၊ အထူးသဖြင့် အရှေ့လယ်ပိုင်းမှာ ထာဝရ စစ်ပွဲတွေ ထပ်မစတော့ပါဘူးလို့ ကတိပေးပြီး ရွေးကောက်ခံလာရခြင်း ဖြစ်တယ်။အမေရိကန်နဲ့ အစ္စရေး ထင်ရာလုပ်တိုင်း ပြားပြားဝပ်သွားရအောင် အီရန်က အကောင်မသေးလှဘူး။ သူဟာလဲ ဒေသတွင်း အင်အားတောင့်တင်းတဲ့ ပါဝါတခုပဲ။ အလုပ်သမား လူတန်းစားလဲ အင်အား မသေးလှဘူး။ သဘောက စစ်အတွင်းက အရှိန်တင်လို့ ရနိုင်တဲ့ စက်မှု အခြေခံ ရှိတယ်၊ ရေရှည်တောင့်ခံနိုင်အောင် war economy အတိုင်း ထုတ်ပေးနိုင်တဲ့ အလုပ်သမား အင်အား ရှိတယ်။အရှေ့အလယ်ပိုင်းက အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေ၊ အမေရိကန် စစ်သား ၄၀၀၀၀ ကျော်ကို အချိန်မရွေး ထတိုက်နိုင်တဲ့ အီရန်ရဲ့ ပရောက်စီ တပ်ဖွဲ့အသီးသီး ဒေသတွင်းမှာ ကွန်ယက်သဖွယ် ရှိနေပြီးသား။ အီရတ်နဲ့ အာဖဂန်မှာ နှာခေါင်းကျည်ပွေ့တွေ့ထားတဲ့ အမေရိကန်အနေနဲ့ အီရန်ကို လွယ်လွယ်ကလေး ထိုးလဲနိုင်မယ်လို့ တွက်တာ တော်ရုံ မိုက်ရူးရဲဆန်တာ မဟုတ်ဘူး။အီရန်က လက်တုံ့ပြန်တဲ့ အနေနဲ့ Hormuz ရေလက်ကြားကို ပိတ်ချလိုက်နိုင်တယ် ဆိုပြီး အနောက် မီဒီယာကြီးတွေ အားလုံးလိုလို ရေးနေကြတယ်။ အီရန်ကိုတောင် အနောက် အရင်းရှင် ကမ္ဘာက ဝိုင်းဝန်း ပိတ်ဆို့ အရေးယူထားသေးတာပဲ၊ အီရန်ဘက်က ဟောမု(ဇ်) ရေလက်ကြားကို ပိတ်ချလိုက်မယ်ဆိုတာ ကြောင်းကျိုးမဆီလျော်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ တကယ်လို့ ဒီရေလက်ကြားကို ပိတ်ချလိုက်ရင် ဘာဖြစ်သွားမလဲ။ကမ္ဘာ့ လောင်စာဆီ တင်ပို့မှု ၂၅% နဲ့ (LNG) သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံဟာ ဒီရေလက်ကြားကို ဖြတ်သွားရခြင်း ဖြစ်တယ်။ ဒါ့အပြင် ဒူဘိုင်းမှာ ရှိတဲ့ Jebel Ali ကုန်သွယ်ရေး ဆိပ်ကမ်းဟာ ကမ္ဘာ့ ကုန်သွယ်ရေးမှာ အင်မတန် အချက်အချာကျတဲ့ နေရာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကွန်တိန်နာ သင်္ဘောကြီးတွေ အဲဒီဆိပ်ကမ်းကို ရောက်ဖို့ ဟောမု(ဇ်) ရေလက်ကြားကို ဖြတ်သွားရပါတယ်။အဲ့တော့ အီရန်ကသာ ပိတ်ချလိုက်ရင် သက်ရောက်မှုက လောင်စာဆီဈေး တက်မှာ တခုတည်း မဟုတ်တော့ဘူး။ ကမ္ဘာ့ စီးပွားရေး တခုလုံးကို အကြီးအကျယ် ဖရိုဖရဲ ဖြစ်သွားစေနိုင်တယ်။ ဆီဈေးတက်တယ် ဆိုရင် ဆီဈေးတခုတည်းနဲ့ ရပ်သွားတာ မဟုတ်ဘူး။ သယ်ယူပို့ဆောင်စရိတ်၊ ထုတ်လုပ်ရေးစရိတ်တွေ တက်မယ်၊ ဒါဆို ကျန်တဲ့ ကုန်စည်ဈေးတွေလဲ အကုန် တက်ပြီပေါ့။ဒီကနေ့ ကမ္ဘာ့ အရင်းရှင်စနစ်မှာ ဂလိုဘယ် supply chains ပြတ်တောက်သွားရင် ဘာဖြစ်တတ်သလဲ ကိုဗစ်ကာလမှာ လက်တွေ့ မြင်ခဲ့ရပြီးပြီ။ အခုတချီက အဲဒီထက် ဆိုးပါမယ်။ ကမ္ဘာ့ အရင်းရှင်စနစ်ဟာ အခုကို slump ဖြစ်နေပြီသားလို့ ပြောနိုင်တယ်။ ဒီအခြေအနေမှာ နောက်ထပ် ရှော့(ခ်)တခု ထပ်လာရင် ဘာဆက်ဖြစ်မလဲ အများကြီး တွေးစရာ မလိုပါဘူး။အီရန်ကို အမေရန်က ဝင်တိုက်လိုက်ခြင်းဟာ ကမ္ဘာ့ စီးပွားရေးသာမက နိုင်ငံတကာ ဆက်ဆံရေးမှာပါ အကြီးအကျယ် ဂယက်ရိုက်သွားလိမ့်မယ်။ ၂၀၂၅ ဧပြီ ၂၁ ရက်နေ့က ရုရှားနဲ့ အီရန်တို့ Comprehensive Strategic Partnership သဘောတူညီချက် လက်မှတ်ရေးထိုးတယ်။ နှစ်နိုင်ငံလုံးက ယူအက်(စ်)ရဲ့ ပိတ်ဆို့အရေးယူခြင်း ခံထားရတဲ့ နိုင်ငံတွေ။ ဒီတော့ သူတို့ချင်း စစ်ရေး၊ စီးပွားရေးအရ မဟာမိတ်ဖွဲ့တာ ဘာမှ မထူးဆန်း။ အဲသလိုပဲ အီရန်ကို အမေရိကန်က စစ်ရေးအရ ရန်စ တိုက်ခိုက်လိုက်ရင် ရုရှားဘက်ကလဲ တုံ့ပြန်မှု လုပ်လာစရာ အကြောင်းရှိတယ်။ထရမ့်ကို မဲပေးလိုက်သူဆီက ထွက်လာတဲ့ စကားနဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်ရရင် ကောင်းလိမ့်မယ် -“ထရမ့်ကသာ ငါတို့ကို ဒီစစ်ထဲ သွင်းလိုက်မယ်ဆိုရင် သူ့ကိုလဲ မထောက်ခံတော့ဘူး၊ သူ့အစိုးရကိုလဲ လက်မခံတော့ဘူး၊ ကိစ္စပြတ်ပြီပဲ။”မနေ့က တင်လိုက်တဲ့ ဆောင်းပါး ဒုတိယပိုင်းမှာ ရေးခဲ့သလိုပဲ အမေရိကန် အလုပ်သမားထုရဲ့ အဓိက ရန်သူဟာ အမေရိကန် အစိုးရပဲ။ The Main Enemy is at Home! ဆိုတာ တော်လှန်သော လူထုရဲ့ ကြွေးကြော်သံလဲ ဖြစ်တယ်။ ကမ္ဘာ့ အရင်းရှင်စနစ်ကို အလုပ်သမားထုက မဖြိုချနိုင်သရွေ့ အခုလို စစ်မီးတွေ တောက်လောင်နေဦးမယ်။ရေးသူ - လန်းနာ့(ဒ်)-The Main Enemy is at Home!- Hands off Iran!- Hands off Gaza! Hands off the whole Middle East!- Down with the Israeli occupation!- Down with the Warmongers!- For a revolution against capitalism and imperialism!- For a Socialist Federation of the Middle East![1] ဒီလိုပြောတော့ ရုတ်တရက် လက်ခံချင်မှာ မဟုတ်ဘူး။ မယုံရင် ဘီဘီစီကိုပဲ နမူနာ ပြေးကြည့်လိုက်ပါ။ ဘယ်အဖွဲ့ ဘယ်အဖွဲ့တွေကတော့ အီရန်မွေးထားတဲ့ လက်ကိုင်တုတ်တွေ၊ စစ်သွေးကြွတွေ၊ အဲသလို အသုံးနှုန်းတွေနဲ့ တောက်လျှောက် ဖော်ပြခဲ့တာ တွေ့ရလိမ့်မယ်။ အစ္စရေးကို အမေရိကန် မွေးထားတဲ့ လက်ကိုင်တုတ် သို့မဟုတ် စစ်သွေးကြွလို့ တကြိမ်တခါမျှ ဖော်ပြဖူးသလား ရှာကြည့်ပါ။