အရင်းရှင်နယ်ချဲ့ပါဝါတွေကြား ကြေမွပျက်စီးခဲ့ရတဲ့ ယူကရိန်း Image: fair use Share Tweetသောကြာနေ့က အမေရိကန် oval office မှာ ဒေါ်နယ်ထရမ့်နဲ့ ဇယ်လင်စကီးတို့ တွေ့ဆုံပွဲ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာကို လူအများ တွေ့လိုက်ကြရတယ်။ ထင်မြင်ချက်တွေလဲ အမျိုးမျိုးပေါ့လေ။ မီဒီယာတချို့ ဖော်ပြတဲ့ ဖြတ်ညှပ်ကပ် ဗီဒီယိုဖိုင်တွေလောက်ပဲ ကြည့်ရရင် အမြင်က တမျိုး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သမိုင်းနောက်ခံကို မေ့နေရင်၊ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေမှန်ကို မျက်ကွယ်ပြုရင်လဲ အမြင်က တမျိုး ဖြစ်ပါလိမ့်မယ်။ယူကရိန်း-ရုရှား စစ်ပွဲဟာ ယူကရိန်းနဲ့ ရုရှား ဖြစ်နေတဲ့ စစ်ပွဲ မဟုတ်ဘူး၊ အမေရိကန် အရင်းရှင်နယ်ချဲ့ဂိုဏ်းနဲ့ ရုရှား အရင်းရှင်နယ်ချဲ့တို့ကြား ဖြစ်နေတဲ့ “proxy war” လို့ စဖြစ်ကတည်းက ကျနော်တို့ ရေးခဲ့တယ်။ ‘ကျူးကျော်သူ ရုရှားကို ဒီမိုကရေစီနဲ့ အချုပ်အခြာ အာဏာအတွက် ယူကရိန်းက ခုခံနေရတယ်၊ ဒီအတွက် နေတိုး စစ်အုပ်စုက ယူကရိန်းကို အစွမ်းကုန် ထောက်ပံ့နေတယ်’ ဆိုတဲ့ အနောက် မီဒီယာကြီးတွေရဲ့ ဝါဒဖြန့်ချက်ကို အလိမ်အညာတွေပါလို့ အစောကြီးကတည်းက ဖွင့်ချ ဝေဖန်ခဲ့တယ်။ ဒါ့အပြင် ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဟာ မရှုမလှ ရှုံးနေပြီ၊ အဖတ်ဆယ်လို့ မရတော့ဘူးလို့ အတိအကျ ပြောခဲ့ပါတယ်။အနောက် မီဒီယာကြီးတွေ ဝါဒဖြန့်သမျှ နားယောင် ဖော်ပြရတဲ့ မြန်မာ မီဒီယာတွေမှာ အဲဒီလိုမျိုး အဖြစ်မှန်တွေ ဖတ်ရမှာ မဟုတ်ပါဘူး။ ဒီတော့ တော်တော်များများ အခုထိ မျက်စိလည်နေကြတာ မဆန်းလှဘူး။ခပ်ဝေးဝေးကလူတွေ မျက်စိလည်နေတာ ဘာမှ မထောင်းသာလှ၊ သို့သော် တိုင်းပြည် ထောင်းလမောင်းကျေနေတဲ့ကြားက စစ်ရှုံးနေမှန်း သိသိရက်နဲ့ မနိုင်နိုင်မယ့် စစ်ကို သွေးရူးသွေးတန်း ဆက်တိုက်လိုတဲ့ သမ္မတတယောက်ကို ဘယ်လို သဘောထားကြမလဲ။ ယူကရိန်းက နေတိုး စစ်အုပ်စုထဲ ဝင်ခွင့်မရလို့ အသေခံ စစ်တိုက်နေတယ်ဆိုရင် မဖြစ်မနေ မေးရမယ့် မေးခွန်းက ၃နှစ်ကျော် ကြာလာတဲ့အထိ ဘာ့ကြောင့် နေတိုး အဖွဲ့ဝင် ဖြစ်ခွင့် မရသေးတာလဲ။ နောက် ငါးနှစ်ကြာရင် နေတိုး အဖွဲ့ဝင် ဖြစ်ခွင့်ရပါ့မယ်လို့ အာမခံချက်ကော ရထားပြီးပြီလား။ ဘာတခုမှ မရပါဘူး။ မရဆို နေတိုး အဖွဲ့ဝင် ဖြစ်ခွင့် ဆိုတာ အစကတည်းက မက်လုံးတခု လှည့်စားချက်တခုသာ ဖြစ်ခဲ့လို့ပဲ။ ဒီထက် အရေးကြီးတဲ့ အကြောင်းပြချက်ကို ပြရရင် ရုရှား အစိုးရကို provoke လုပ်ဖို့ ထုတ်သုံးတဲ့ ဓားမြှောင်တချောင်းသာ ဖြစ်တယ်။ဒါ့ကြောင့် ပူတင်က ရန်စ ကျူးကျော်လို့ ဇယ်လင်စကီးတို့က ခုခံရေး စစ်ပွဲ ဆင်နွှဲနေရပါတယ် ဆိုတဲ့ အနောက် အာဘော်ကို မျက်စိမှိတ် လက်ခံထားရင် ဒီကနေ့ အခြေအနေကို နားမလည်နိုင်ဘူး၊ မျက်စိလည်ကုန်မှာပဲ။ ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းချင်းရာတွေကို သီးခြားစီ ခွဲထုတ်ပြီး ကွက်ကွက်လေး နားလည်ချင်လို့ မရနိုင်ဘူး။ ဖြစ်စဉ် ဖြစ်ရပ်တွေ၊ အကြောင်းချင်းရာတွေ၊ သူတို့ကြားက အပြန်အလှန် ဆက်နွှယ်ချက်တွေကို သေချာ ဆန်းစစ်ကြည့်နိုင်ဖို့ အရေးကြီးတယ်။အစကတည်းက ရှောင်လို့ ရနိုင်ခဲ့တဲ့ စစ်ပွဲကို ဘိုင်ဒင် အစိုးရက တွန်းပို့တယ်၊ ဒီတော့ တိုက်ရတယ်။ အမေရိကန်က စစ်လက်နက်တွေ၊ ငွေကြေးတွေ ဘီလျံပေါင်းများစွာ ထောက်ပံ့တာကို ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက်လို့ ယုံကြည်နေရင်တော့ အခုလို ရေးလိုက်တာကို သဘောတူမှာ မဟုတ်ဘူး။ သဘောတူချင်တူ မတူချင်နေ၊ သေချာတာကတော့ နေတိုး စစ်အုပ်စု (အထူးသဖြင့် အမေရိကန် နယ်ချဲ့) ထောက်ပံ့ခဲ့တဲ့ စစ်လက်နက်တွေ ငွေကြေးတွေ သုံးပြီး စစ်တိုက်ရင်း သေသွားသူထဲမှာ အမေရိကန် စစ်သား၊ နေတိုး တပ်ဖွဲ့ဝင် တယောက်မှ မပါဘူး။ အကုန် ယူကရိန်းတွေချည်းပဲ။ ‘နောက်ဆုံး သွေးတစက်ကျန်သည်အထိ ရုရှားကို တိုက်သွားမယ်’ ဆိုတဲ့ ဘိုင်ဒင်ရဲ့ ပေါ်လစီက ‘ဘယ်သူ့ သွေးတွေလဲ’ ဆိုတာတော့ ပြောမသွားခဲ့ဘူး။ အနောက် မီဒီယာကြီးတွေကလဲ ဒီအချက်ကို ထုတ်မပြောပါဘူး။အားကြီးသူနဲ့ အားနည်းသူအနောက် အုပ်စုရဲ့ အာဘော်အရ အားကြီးသူ ပူတင်က အားနည်းသူ ဇယ်လင်စကီးလေးကို အနိုင်ကျင့် စော်ကားတယ်။ ဒါကို အားကြီးသူ ဘိုင်ဒင်က စာနာသနားပြီး အားနည်းသူလေး ဇယ်လင်စကီးဘက်က ဝင်ကူတယ်။ ဘရားဗို ဘိုင်ဒင်ပေါ့လေ။ နောက် မကြာလိုက်ပါဘူး။ အားကြီးသူ နတန်ညာဟုက အားနည်းသူ ဂါဇာပြည်သူတွေကို ဗိုလ်ကျအနိုင်ကျင့်တယ်။ လူသားချင်း စာနာတတ်သူ အန်ကယ်ဂျိုးက အားနည်းသူ ဂါဇာ ပြည်သူတွေကို ဝင်မကူဘဲ ဇိုင်ယင်နစ် အစ္စရေးတွေကို အပြတ်အသတ် ထောက်ပံ့လိုက်တယ်။ အန်ကယ် ဂျိုးလဲ ဂျီနိုဆိုက် ဂျိုး ဖြစ်သွားတယ်။ အားနည်းသူ ယူကရိန်းကို စာနာသနားလို့ အားကြီးသူ ယူအက်(စ်)က ဝင်ကူနေပါတယ် ဆိုတဲ့ စကားက မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်စကားမျိုး ဖြစ်သွားတော့တယ်။ အနှစ်သာရအားဖြင့် ဘာများ ကွာခြားသလဲ။တကယ်တော့ အပေါ်က အားကြီးသူနဲ့ အားနည်းသူ (လူကြမ်းနဲ့ မင်းသား) ပုံပြင်ဟာ ကမ္ဘာ့ နိုင်ငံရေးကို ကလေးချင်း ကစားရင်း ရန်ထဖြစ်သလို သဘောထား ကြည့်မြင်ပုံမျိုးပဲ။ ကလေးချင်း ကစားနေကြတယ်၊ ဗလကြီးတဲ့ ကလေးက ဗလသေးတဲ့ ကလေးကို ထအနိုင်ကျင့်လိုက်လို့ တခြား ကလေး တယောက်က ဝင်ကူရတယ် ဆိုတဲ့ ဇာတ်လမ်းနဲ့ ဘာကွာသလဲ။ဒါပေမယ့် သူတို့အတွက် ဝမ်းနည်းစရာ ကောင်းတာက ကမ္ဘာ့ နိုင်ငံရေးက အဲသလို ကလေး ရန်ပွဲ ဇာတ်လမ်းမျိုး မဟုတ်ဘူး၊ အဲသလို moral အားပြိုင်ပွဲလဲ မဟုတ်ဘူး။ နယ်ချဲ့အုပ်စုတွေကြားက စစ်ပွဲ ဆိုတာ ကလေး ရန်ပွဲလို ဖြစ်စဉ်မျိုး မဟုတ်ဘူး ဆိုတာ အရင် သတိချပ်ဖို့ လိုပါလိမ့်မယ်။ယူကရိန်း-ရုရှား စစ်ပွဲ ဖြစ်လိုက်တော့ ယူကရိန်း ထောင်းလမောင်း ကျေသွားတာတော့ အားလုံး အမြင်ပဲ။ အဲဒါတင် မကသေးဘူး။ နေတိုး စစ်အုပ်စုဝင် နိုင်ငံတွေရော ဘယ်လို ဖြစ်နေလဲ။ အထူးသဖြင့် ယူအက်(စ်)။ ဒီစစ်ပွဲမှာ ယူအက်(စ်)ရဲ့ ရည်ရွယ်ချက်က ဘာလဲ အရင် မေးရလိမ့်မယ်။ ဒါကို မေးခွန်းမထုတ်မိကြတာ များပါတယ်။ အားကြီးသူ-အားနည်းသူ ဇာတ်လမ်းမှာ ဒီမေးခွန်း မလိုဘူး။ ယူအက်(စ်)က ကရုဏာရှင် လူစွမ်းကောင်းပဲ။ ဒါပေမယ့် ကျနော်တို့က လက်တွေ့ ဘဝမှာ ဖြစ်လို့ ပုံပြင်ထဲမှာ တမင် ဖယ်ထားတဲ့ မေးခွန်းကို မေးရလိမ့်မယ်။ စာဖတ်သူများလဲ ဒီမေးခွန်းကို စဉ်းစားကြည့်ပါ။ဒီစစ်ပွဲမှာ ယူအက်(စ်)ရဲ့ ရည်မှန်းချက်တွေ တခုမှ မအောင်မြင်ခဲ့ဘူး။ဆိုဗီယက်အပြိုမှာ အမေရိကန်က တဗိုလ်တည်း ဖြစ်လာတယ်။ အဲဒီနောက် ရုရှား အနေနဲ့ အမေရိကန်ကို မလှန်ရဲခဲ့ဘူး။ အရှက်ရစရာတွေ ကြုံခဲ့ရတယ်။ ယူအက်(စ်)က အရင် ဆိုဗီယက် ဩဇာခံ နိုင်ငံတွေကို တခုပြီးတခု သူ့လက်အောက် ဆွဲသွင်းခဲ့တယ်။ နေတိုး အဖွဲ့ဝင် ဖြစ်စေခဲ့တယ်။ အဲဒါကို နေတိုးရဲ့ eastward expansion လို့ ခေါ်တာပဲ။ဒီကနေ့ ရုရှားက ၉၀ ခုနှစ်များဆီက ရုရှား မဟုတ်တော့ဘူး။ သူ့မှာလဲ အစွယ်တွေနဲ့။ ဒီတော့ အမေရိကန် လုပ်သမျှ ငြိမ်ခံမနေတော့ဘူး။ ဒါကို ကမ္ဘာ့ နံပါတ်တစ် ဗိုလ်လုပ်လာတဲ့ အမေရိကန် နယ်ချဲ့က လက်မခံနိုင်ဘူး။ ရုရှားကို နလန်မထူနိုင်အောင် ဦးချိုးပစ်ချင်တယ်။ ရုရှားသာ စစ်နွံထဲ ကြာကြာနစ်နေရင် စစ်ရေး စီးပွားရေးအရ အရှိုက်ထိ ချိနဲ့သွားမှာပဲလို့ တွက်ခဲ့ကြတယ်။ ပူတင် ပြုတ်ကျသွားတဲ့အထိတောင် စိတ်ကူးယဉ်ခဲ့ကြတယ်။ ဘိုင်ဒင်သာ သမ္မတသက်တမ်း ကုန်ဆုံးပြီး နောက်တကြိမ် ထပ်ပြိုင်ခွင့် မရလောက်အောင် discredited ဖြစ်ခဲ့ရတယ်၊ ပူတင်က အခုထိ ပြုတ်မကျ၊ ရုရှား စီးပွားရေးကလဲ သူတို့ မျှော်မှန်းသလို ချိနဲ့မသွား။အမေရိကန်နဲ့ အနောက် ဥရောပရဲ့ ဆန့်ရှင်တွေဟာ ရုရှား စီးပွားရေးကို အရှိုက်မထိုးနိုင်ခဲ့ရုံသာမက သူတို့တတွေသာ ကိုယ့်ရှူးကိုယ့်ပြန်ပက်ခံလိုက်ရတယ်။ဥပမာ၊ ဂျာမနီကိုပဲကြည့်။ ဂျာမနီက ရုရှားကို ဆန့်ရှင်လုပ်လိုက်တာ ရုရှားဆီက ဈေးချိုချိုနဲ့ ရနေကျ လောင်စာဆီတွေ မရတော့ဘူး။ မရတော့ ဘယ်က ဝယ်ရလဲ။ အိန္ဒိယက ဝယ်ရတယ်။ အိန္ဒိယက ဘယ်က ရသလဲ။ ရုရှားဆီက ဝယ်ထားတာကို အမြတ်တင်ပြီး ဈေးကြီးကြီးနဲ့ ဂျာမနီကို ပြန်ရောင်းတာပဲ။ ရုရှားကို ခတ်တဲ့ ဆန့်ရှင်က ဂျာမနီကို ပြန်ထိပြီး စီးပွားရေး အကျပ်အတည်း ဖြစ်လာတယ်၊ ဂျာမနီရဲ့ စီးပွားရေး ဂျီဒီပီ မတက်တာ သုံးနှစ် ရှိပြီ။ဒါတင် မကသေးဘူး။ နေတိုး အဖွဲ့ဝင် နိုင်ငံတွေကြားမှာလဲ အတွင်း ပဋိပက္ခက ပိုပြင်းထန်လာတယ်။ နေတိုး အဖွဲ့ဝင်တွေထဲ စစ်အသုံးစရိတ်ကို အများဆုံး ထည့်နေရတာက ယူအက်(စ်)။ ယူအက်(စ်)ရဲ့ စစ်အသုံးစရိတ်က တနှစ်ကို ဒေါ်လာ ဘီလျံ ၈၈၀ ရှိနေတယ်။ ဒီပမာဏက သူ့နောက် အများဆုံး ရှစ်နိုင်ငံ ပေါင်းလဒ်ထက် ပိုများနေတယ်။ ဒီကြားထဲ ယူအက်(စ်) အရင်းရှင်နယ်ချဲ့က မရှုမလှ စစ်ရှုံးနေတဲ့ ယူကရိန်းမှာ အများဆုံး အကုန်အကျ ခံနေရသူ ဖြစ်တယ်။ယူကရိန်းတင်ပဲလား ဆိုတော့ မဟုတ်ဘူး။ ပြောရရင် တကမ္ဘာလုံးမှာ ယူအက်(စ်)က overstretched ဖြစ်နေတာ။ ကမ္ဘာ့ အချမ်းသာဆုံး အရင်းရှင် နယ်ချဲ့ပါဝါပဲ ဖြစ်ဦးတော့ အကန့်အသတ်မဲ့တော့ မဟုတ်ဘူး။ တချိန်ချိန်မှာ သူ့လစ်မစ်ကို ရောက်သွားတာပဲ။ အရင်နဲ့စာရင် အကျဘက် ရောက်လာတဲ့ ယူအက်(စ်)က အခု အဲဒီ လစ်မစ်ကို ရောက်နေပြီ။ ဒါ့ကြောင့် အရင်လို ကမ္ဘာ့ ပုလိပ်ကြီး လုပ်နိုင်စွမ်း မရှိတော့ဘူး။ဒီအခြေအနေကို လက်မခံနိုင်တဲ့ ဘိုင်ဒင် အစိုးရက ယူအက်(စ်) အရင်းရှင်နယ်ချဲ့အတွက် တိုက်ရိုက် အကျိုးစီးပွား မရှိလှတဲ့ ယူကရိန်းမှာ ခြေလွန်လက်လွန် ဖြစ်နေတယ်။ မှားမှန်းသိပေမယ့် ဆက်တိုက် အမှားတွေ ထပ်လုပ်တယ်။ နောက်ဆုံး နမူနာပေးရရင် သူဆင်းခါနီး ရက်ပိုင်းအလိုမှာ ယူအက်(စ်)လုပ် တာဝေးပစ် မစ်ဆိုင်းတွေ ယူကရိန်းကို အသုံးပြုခွင့်ပေးခဲ့တယ်။ ဒါဟာ နျူကလိယာ ပါဝါချင်း ထိပ်တိုက်တိုးနိုင်တဲ့ တတိယ ကမ္ဘာစစ် လမ်းကြောင်းပေါ် တွန်းတင်တဲ့ သွေးရူးသွေးတန်း လုပ်ရပ်ပဲ။ဘိုင်ဒင် အစိုးရရဲ့ ဒီအမှားတွေကို အမေရိကန် ပြည်သူတွေက သိလာတယ်။ အချည်းနှီး ကုန်နေရတဲ့ စစ်အသုံးစရိတ်တွေကို ဘယ်အခွန်ထမ်း ပြည်သူက ကြည်ဖြူမှာလဲ။ ဒါတွေကို သဘောပေါက်လို့ သူ့ပါတီကတောင် ဘိုင်ဒင်ကို ရွေးကောက်ပွဲ အနားနီးမှ ကပ်ဖြုတ်ပြီး ဟဲရစ်ကို ဝင်ပြိုင်ခိုင်းတာပဲ။ဒေါ်နယ်ထရမ့်က သာမန် ပြည်သူအများရဲ့ အဲဒီ မကျေနပ်ချက်တွေကို ကောက်စားသွားတာပဲ။ ဒါ့ကြောင့်လဲ သူတက်လာရင် ယူကရိန်း-ရုရှား စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်အောင် လုပ်ပြမယ်လို့ ကြွေးကြော်ခဲ့တာ။ ၂၄ နာရီအတွင်း မဟုတ်ပေမယ့် ၂လအတွင်း အထမြောက်လုနီးပါး ဖြစ်နေပြီ။ဒီနေရာမှာ ရှင်းအောင် ပြောထားချင်တာက ဒေါ်နယ် ထရမ့် ဒီစစ်ပွဲကို ရပ်စေချင်တာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလို့ မဟုတ်ဘူး၊ ဒီစစ်ပွဲဟာ ယူအက်(စ်) အရင်းရှင်နယ်ချဲ့အတွက် အချည်းနှီးဖြစ်နေလို့၊ သူတို့ အကျိုးစီးပွား အထိနာနေလို့ပဲ။ ရုရှားနဲ့ စစ်ပြေငြိမ်းလိုက်နိုင်ရင် အမေရိကန် အရင်းရှင်နယ်ချဲ့ရဲ့ အဓိက ပြိုင်ဖက် တရုတ်ကိုပဲ ပိုအာရုံစိုက်လို့ ရသွားမယ်၊ ရုရှားနဲ့ စေ့စပ်ရင်း (အပေးအယူ လုပ်ရင်း) ရုရှား-တရုတ် ဆက်ဆံရေးကို သပ်လျှိုဖို့အထိ သူကြံရွယ်ထားနိုင်တယ် (ဒါတော့ အတိအကျ ခန့်မှန်းရ ခက်ပါတယ်)။အဖြူ မဟုတ်ရင် အမည်း လုပ်တတ်သူတွေက ဘိုင်ဒင်ရဲ့ ပေါ်လစီကို ဝေဖန်တာနဲ့ပဲ ထရမ့်ကို ထောက်ခံနေသယောင်၊ ပူတင်ကို ထောက်ခံနေသယောင် ပုံဖော်ချင်ကြတယ်။ အရင်းရှင်နယ်ချဲ့ နိုင်ငံတွေက အုပ်စိုးသူ လူတန်းစားရဲ့ faction တွေအချင်းချင်း ခွက်စောင်းခုတ်ကြတဲ့ ပွဲမှာ ကျနော်တို့ ကွန်မြူနစ်တွေက ဘယ်ဘက်ကမှ ရပ်စရာ အကြောင်း မရှိဘူး။ကျနော်တို့ ရပ်တည်ချက်က ရှင်းပြီးသား။ ရုရှား အရင်းရှင် လူတန်းစား၊ အမေရိကန် အရင်းရှင် လူတန်းစားနဲ့ သူ့လက်ဝေခံ ယူကရိန်း အရင်းရှင် လူတန်းစား၊ တရုတ် အရင်းရှင် လူတန်းစား၊ အစရှိတဲ့ အုပ်စိုးသူ လူတန်းစားတွေရဲ့ အကျိုးစီးပွားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အလုပ်သမား လူတန်းစားရဲ့ အကျိုးစီးပွားကိုသာ ရှေးရှုတဲ့ class independent proletarian internationalism ရပ်တည်ချက်ပဲ။အရှက်ကွဲခဲ့ရတဲ့ ဇယ်လင်စကီးမနေ့က တွေ့ဆုံပွဲကို ပြန်ကြည့်ရင် လက်ရှိအချိန်မှာ ဇယ်လင်စကီးအနေနဲ့ ရွေးစရာ ဘာများ ရှိသေးလို့လဲ။ ယူအက်(စ်)က ဆက်မထောက်ပံ့တော့ဘူး ဆိုရင် သူ့အနေနဲ့ စစ်ကို ဆက်တိုက်နိုင်တဲ့ အခြေအနေ မရှိဘူး။ ဆက်ထောက်ပံ့ရင်တောင် ဆက်တိုက်ရင် နိုင်မယ့် အလားအလာ ရှိသလား။ မရှိပါဘူး။ဒီတော့ ဒေါ်နယ် ထရမ့် ပြောတဲ့ စစ်ရပ်စဲရေး ဆွေးနွေးပွဲကို ဘာ့ကြောင့် သူလက်မခံနိုင်တာလဲ။ သူ့နိုင်ငံရေး ဘဝက ဒီစစ်ပွဲမှာ အမေရိက ဆက်ပါရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့်က ဆက်မပါဘူးဆိုတာ ဒီမတိုင်ခင်ကတည်းက ခဏခဏ ပြောနေပြီးသားပဲ။ လေကျယ်တဲ့ ယူကေက စတားမားနဲ့ ပြင်သစ်က မာခရွန်တို့လဲ ယူအက်(စ်)ကသာ ထောက်ပံ့မှု မပေးရင် ဘာမှ မတတ်နိုင်ဘူး ဆိုတာ ဝန်ခံထားရပြီးသား။အီးယူဆိုတာ သူ့အထဲမှာတင် အစည်းပြေနေတဲ့ အဖွဲ့အစည်း။ ရုရှားနဲ့ ယူအက်(စ်) စကားပြောကြတော့ ယူကရိန်းလဲ မပါသလို အီးယူက ဘယ်နိုင်ငံ့ ခေါင်းဆောင်မှ ဝင်ပါခွင့် မရဘူး။ အဲဒီတော့ ပြင်သစ်က မာခရွန်က အီးယူ အဖွဲ့ဝင် အကုန်မပါတဲ့ ကြိတ်ဝိုင်း အစည်းအဝေး လုပ်ရတယ်။ အကုန်မပါဆို အကုန် မဖိတ်ရဲလို့ဘဲ။ အကုန် ဖိတ်လိုက်ရင် ဘုံသဘောထား ထုတ်မရမှာစိုးလို့။အကုန်မဖိတ်ဘဲ အသံတူမယ့်သူတွေချည်း ကြိတ်ဝိုင်းလုပ်ကာမှ ပိုဆိုးနေတယ်။ စစ်ရပ်စဲရေး သဘောတူညီချက်တောင် မရသေးဘဲ ယူကရိန်းကို peace keeping စစ်တပ်တွေ ထားရှိရေး ပြောနေတာ မဆီလျော်လှဘူးလို့ ဂျာမနီ အဓိပတိက ပြောသွားတယ်။ လေဘာ ခေါင်းဆောင်ဆိုတဲ့ စတားမားက စစ်သွေးအကြွဆုံး ဖြစ်နေပေမယ့် သင်္ကြန် အမြောက်ဆံပါပဲ။ ယူကေမှာ စစ်တပ် အင်အား ဘယ့်လောက် ရှိလို့လဲ။ ဒါ့ကြောင့် ယူအက်(စ်)ကို သူတို့အားလုံးက မီခိုနေရမှန်း သူတို့ကိုယ်တိုင် သိသလို ဒေါ်နယ်ထရမ့်ကလဲ သိတာပဲ။ဒီအခြေအနေမှာ စစ်ဆက်တိုက်မှ နိုင်ငံရေး ဘဝ (အခန့်မသင့်ရင် သူ့ဇီဝ အသက်ပါ) ဆက်ရှင်သန်နိုင်မယ့် ဇယ်လင်စကီးက အသည်းအသန် ဖြစ်လာတာပဲ။ မြေပြင်က အရှိတရားကို မျက်ကွယ်ပြုပြီး သွေးရူးသွေးတန်း ဖြစ်လာတယ်။ သူ့မှာ တခြား ရွေးလမ်း မရှိဘူးဆိုတာတောင် မေ့သွားသလား ထင်ရတယ်။ယူအက်(စ်) ထွက်သွားမှာ အသည်းအသန် ကြောက်တဲ့ ဇယ်လင်စကီးက “အောင်နိုင်ရေး အစီအမံ” ဖော်စပ်ပြီး minerals deal နဲ့ ဆွယ်ခဲ့တယ်။ စစ်ရေး အကူအညီ ရအောင် တိုင်းပြည်ကို ရောင်းစားတဲ့ သဘောပဲ။ ဒါပေမယ့် ဇယ်လင်စကီး စဆွယ်ခဲ့တဲ့ အချက်က ပျောက်သွားပြီး ဒေါ်နယ်ထရမ့်က ဒါတွေ လိုချင်လို့ ရုရှားနဲ့ deal လုပ်ရေး တွန်းနေသလို ပုံဖော်ပြောနေကြတယ်။အထက်မှာ ရှင်းခဲ့သလိုပဲ အမေရိကန် အရင်းရှင်နယ်ချဲ့ အကျိုးစီးပွားအရ အချည်းနှီး ဖြစ်နေတဲ့ ဒီစစ်ပွဲကို ရပ်စဲဖို့ ဒေါ်နယ်ထရမ့် လုပ်မှာပဲ။ သူ့နိုင်ငံရေး ဘဝနဲ့လည်း ဆိုင်နေတယ်။ အဲဒီ အနေအထားမှာ ထရမ့်က အရင်းရှင် စီးပွားရေးသမားပီပီ ဇယ်လင်စကီး ကမ်းလှမ်းလာတဲ့ ဟာကို ရသလောက် အမြတ်ထုတ်တယ်။ သူက ဒါမရလဲ ရုရှားနဲ့ အပေးအယူကို ဆက်လုပ်သွားမှာပဲ။ဒေါ်နယ်ထရမ့်ရဲ့ ပေါ်လစီက အပစ်ရပ်-ရွေးကောက်ပွဲလုပ်-အပေးအယူလုပ်။ ရွေးကောက်ပွဲ ဆိုတဲ့ နေရာမှာ ဇယ်လင်စကီး မနိုင်မယ့် ရွေးကောက်ပွဲကို ဆိုလိုမှန်း ဇယ်လင်စကီး ကောင်းကောင်းသိတာပေါ့။သမိုင်း မှတ်ဉာဏ် ပျောက်ဆုံးလွယ်တဲ့ ဒီကနေ့ခေတ်ကြီးမှာ ပြန်အမှတ်ရအောင် အစဖော်ပေးရရင် ၂၀၁၄ က မိုင်ဒန် လှုပ်ရှားမှု၊ ဒီနောက် ယူကရိန်းရဲ့ ရွေးကောက်ခံ သမ္မတ ယာနူကိုဗစ်(ခ်ျ)ကို ဖြုတ်ချခဲ့တာတွေဟာ အမေရိကန် ကြိုးကိုင်တဲ့ coup လုပ်ရပ်၊ regime change လုပ်ရပ်တွေပဲ။ဒီနောက် အမေရိကနေ လိုလားတဲ့ အစိုးရ တက်လာတယ်၊ နာဇီလက်သစ် တပ်ရင်းတွေကို အားပြုပြီး ယူကရိန်းပြည်တွင်းက ရုရှား စကားသုံး လူနည်းစုတွေကို သွေးချောင်းစီး ဖိနှိပ်ခဲ့တယ်။ အမေရိကန် တင်တဲ့ ယူကရိန်း အစိုးရက နာဇီလက်သစ် တပ်ရင်းတွေ၊ အစ္စလမ်မစ်(ခ်) အဖွဲ့တွေကိုပါ အသုံးပြုခဲ့တယ်။ ဒါကို အနောက် မီဒီယာကြီးတွေက အချိန်တော်ကြာ မျက်ကွယ်ပြုခဲ့ကြတယ်။ (မတတ်သာတဲ့ အဆုံးမှ New York Times မှာ ဝန်ခံရေးသားခဲ့တဲ့ ဆောင်းပါးကို နမူနာ ကြည့်ပါ။)ထရမ့် ပြောနေတဲ့ ရွေးကောက်ပွဲ ဆိုတာ ဇယ်လင်စကီး နေရာကကြည့်ရင် “regime change” လုပ်ရေး ဖြစ်နေတယ်။ ဒီတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ လမ်းကြောင်းကို ပြောင်းလို့မရမှန်း သိတော့ ဇယ်လင်စကီးအနေနဲ့ ပူတင်ကို ယုံလို့မရဘူး ဆိုတဲ့ ဗီလိန်ဇာတ်ကိုပဲ ထပ်တလဲလဲပြောရတော့တာပဲ။ဒေါ်နယ်ထရမ့်တို့က ဇယ်လင်စကီးကို ဖိတ်ပြီး မီဒီယာတွေရှေ့ အရှက်ခွဲချင်လို့ အခုလို လုပ်ကြတာလား။ အဲသလို ပြောကြတာလဲ ရှိတယ်။ ဗီဒီယို အစအဆုံး ကြည့်လိုက်ရင် အဲဒီပုံစံမျိုး မဟုတ်ဘူး ဆိုတာ မြင်သာတယ်။ မိနစ် ၄၀ လောက်အထိ အဆင်ချောနေတာပဲ။ မိနစ် ၄၀ လောက်မှာ ဒုသမ္မတ JD Vance က ဝင်ထောက်တယ်။ ဘိုင်ဒင်က စစ်တိုက်ရေး လုပ်ခဲ့တယ်၊ ထရမ့်က သံတမန်ရေးကို လုပ်နေတယ် ဆိုတဲ့ သဘော ပြောအပြီးမှာ ဇယ်လင်စကီးက ဘယ်လို သံတမန်ရေးမျိုးကို မင်းဆိုလိုတာလဲ JD လို့ ပြန်မေးလိုက်တယ်။ ဒီကနေစပြီး အကြီးအကျယ် ဖြစ်တော့တာပဲ။ဇယ်လင်စကီး အနေနဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး အိမ်ပြန် မလှ ဖြစ်သွားခဲ့ပြီ။ ဒီပွဲမှာ ဇယ်လင်စကီး အကြီးအကျယ် ရှုံးပါတယ်။ အမြတ်ထွက်သွားတာကတော့ အဲဒီ ဆွေးနွေးဝိုင်းမှာ ရှိမနေတဲ့ ပူတင်ပဲ။ ယူအက်(စ်) နဲ့ ရုရှား စကားပြောကြရင် ‘ငါတို့က အပစ်ရပ်ချင်ပေမယ့် မင်းတို့ လူကိုက စစ်ကို လိုလားနေတာပဲ’ လို့ လက်ညှိုးထိုးပြစရာ ဖြစ်သွားပါပြီ။အခုမှ သစ္စာဖောက်ခံရတာလားဒီအခြေအနေမှာ deal လုပ်ရတာ ယူကရိန်းအဖို့ အတော် အထိနာပါတယ်။ ဒီမတိုင်ခင် ၂၀၂၂ ဧပြီလောက်က တူရကီမှာ လုပ်တဲ့ ယူကရိန်း-ရုရှား စေ့စပ်ရေးကို လက်သင့်ခံခဲ့ရင် အခုလောက် အခြေအနေဆိုးမှာ မဟုတ်ပါဘူး။ ဒီအကြောင်းကို မြန်မာ မီဒီယာ တော်တော်များများမှာ မဖော်ပြခဲ့ကြဘူး။အထူးသဖြင့် အဲဒီကာလက ယူကေ ဝန်ချုပ် ဘိုးရစ်(စ်) ဂျွန်ဆင် အပြေးသွားပြီး စေ့စပ်ရေးကို ကဖျက်ယဖျက် လုပ်ခဲ့တာတွေ သမိုင်း မှတ်ဉာဏ်ထဲမှာ မရှိကြတော့ဘူး။ အဲဒီတုန်းက ယူကရိန်းကို စစ်နွံထဲ ဆွဲချခဲ့တဲ့ အနောက် အုပ်စုခေါင်းဆောင်တွေ အခု ဘာလုပ်ပေးနိုင်ကြသလဲ မေးရလိမ့်မယ်။ဒီမေးခွန်းကို မမေးဘဲ ယူကရိန်းကို သစ္စာဖောက်သွားပြီလို့ အခုမှ ထအော်နေရင် မှန်ကန်ရဲ့လား။ ယူကရိန်း သစ္စာဖောက်ခံလိုက်ရတာ အမှန်ပဲ၊ ဒါပေမယ့် အခုမှ မဟုတ်ဘူး ဆိုတာတော့ သတိရသင့်တယ်။ ၂၀၁၄ မှာ အမေရိကန် ဝင်မွှေတဲ့ regime change ကနေ ၂၀၂၂ စေ့စပ်ရေး ဖျက်ပစ်တဲ့အထိ ပြန်သတိရဖို့တော့ ကောင်းပါတယ်။ယူကရိန်းကို အားကျတယ် ဆိုသူများ၊ အနောက်ကို မျှော်တဲ့ နုဂျီနဲ့တကွ အခြားသော လစ်ဘရယ် အုပ်စုများ အခု ဘာပြောဦးမလဲ သိချင်ပါတယ်။လွန်ခဲ့တဲ့ နှစ်တရာကျော်က လီနင် ရှင်းပြခဲ့သလိုပဲ အရင်းရှင်နယ်ချဲ့ခေတ်က နိုင်ငံငယ်လေးတွေရဲ့ အခွင့်အရေး ဆိုတာ အင်အားကြီး နိုင်ငံတွေချင်း စက်ပုန်းခုတ်တဲ့ နေရာမှာ အကြွေစေ့လောက်ပဲ သဘောထားခံရပါတယ်။ အင်အားကြီး နယ်ချဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့အခါ သူတို့ ရည်ရွယ်ချက် အမှန်ကို ဖုံးဖိဖို့ အသုံးချခံရမယ်၊ သူတို့ ရည်ရွယ်ချက်နဲ့ မကိုက်တော့ရင် ယူကရိန်းလို စွန့်ပယ်ခံရမယ်။ အနှစ်သာရက ဒီသဘောပါပဲ။ ဒါကို သင်ခန်းစာ ယူတတ်ဖို့ လိုပါတယ်။ပူတင်က ဗီလိန်၊ ထရမ့်က ဗီလိန်၊ ဘိုင်ဒင်က သူတော်ကောင်း၊ ဇယ်လင်စကီးက ဟီးရိုး ဆိုတဲ့ ပုံပြင်ကို အဟုတ်ထင်နေရင် ဘာမှ နားလည်မှာ မဟုတ်သလို သူများ အမှားကိုလဲ သင်ခန်းစာ ယူတတ်မှာ မဟုတ်ဘူး။ မယူတတ်ရင် ထပ်မှားတတ်တာလဲ သဘာဝပဲ။ကိုတင်ဦး