အဲဗားဂရန်ဒီ အိမ်ခြံမြေလုပ်ငန်း ပြိုလဲလာခြင်း နှင့် တရုတ် လက္ခဏာဆောင်သော အရင်းရှင်စနစ် (2) Share Tweetအရင်းရှင်စနစ်ကျင့်သုံးပြီးတဲ့နောက် ကမ္ဘာ့စီးပွားရေးမှာ ထိပ်တန်းရောက်လာတဲ့ တရုတ်နိုင်ငံဟာ အခုဆိုရင် စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့လာရပါတယ်။ အကြောင်းအရင်းကတော့ တရုတ်ရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းစုကြီး Evergrande က ပြိုလဲခါနီး အခြေအနေမှာ ရောက်နေပြီးအကြွေး ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် တင်နေပါတယ်။ ဒီဖြစ်ရပ်က ၂၀၀၇-၀၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘဏ်ချေးငွေဂယက် ( subprime mortgage crisis ) နဲ့ အဖြစ်ချင်းတူနေပါတယ်။ ဒါကြောင့် အခုနှစ်မှာ တရုတ်အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က အမေရိကန်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာမျိုး ကြုံတွေ့နေရပြီး အရင်းရှင်စနစ်ရဲ့ ဘေးကျပ်နံကျပ်ကာလအတွင်း ရောက်ရှိနေပါတယ်။Evergrande ဆိုတာ ဘာလဲ။တရုတ်နိုင်ငံရဲ့ စီးပွားရေးကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အဓိက မြှင့်တင်ပေးခဲ့တာကတော့ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းကရတဲ့ ဝင်ငွေဟာ GDP ရဲ့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒီအိမ်ခြံမြေဈေးကွက်ထဲမှာ Evergrande က အကြီးဆုံးလုပ်ငန်းဖြစ်ပြီး အိမ်ရာစီမံကိန်းတွေအတွက် သူချေးယူထားတဲ့ ငွေ ပမာဏမှာ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒါ့အပြင် သူ့အလုပ်သမားတွေဆီကပါ ငွေချေးပြီး လုပ်ငန်းအတွက် သုံးစွဲထားပါသေးတယ်။Evergrande လိုမျိုး အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ Fujian Fusheng ဆိုရင်လည်း “၃၆၉၁” ဆိုတဲ့ စီမံကိန်းပုံစံ ကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဒီပုံစံရဲ့ သဘောကတော့ (၃) လအတွင်း နေရာသစ်တစ်ခုကို ရှာပြီး လုပ်ငန်းစထားရမှာဖြစ်ပြီး အရောင်းဆိုင်ရာ ကိစ္စတွေကို (၆) လအတွင်း လုပ်ဆောင်ရပါမယ်။ ဆောက်လုပ်ရေးကိုတော့ (၉) လနဲ့ အပြီးတည်ဆောက်ရမှာဖြစ်ပြီး (၁) နှစ်အတွင်း ချေငွေအားလုံးကို အတိုးရောအရင်းပါ အကျေဆပ်နိုင်ရေးပင်။ ဒီလိုအချိန်တိုအတွင်း ပြီးစီးရေးက အန္တရာယ်သိပ်များပြီး ဂရုတစိုက် ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေလို အတက်အကျမြန်ပြီး မတည်ငြိမ်တဲ့ ဈေးကွက်အဖို့ အချိန်ကောင်းမှာ ရောင်းထွက်နိုင်ရေးနဲ့ အမြန်ဆုံး အကြွေးဆပ်နိုင်ဖို့ကို အလေးပေး စဉ်းစားပုံရပါတယ်။ ဒီလိုနည်းနဲ့ Fujian Fusheng အကြွေးနွံနစ်သွားခြင်းမှာ မထူးဆန်းပေ။အိမ်ခြံမြေလုပ်ငန်းအားလုံးပေါင်းရဲ့ တင်ရှိနေတဲ့ အကြွေးမှာ ပမာဏ အတော်များတာကြောင့် အိမ်ရာဈေးနှုန်းတွေက တက်မြဲတက်နေပါတော့တယ်။ အကြွေးစုစုပေါင်းမှာ ၂ ဒဿမ ၈ ထရီလီယံ (သို့) ဂျီဒီပီရဲ့ ၁၈ ရာခိုင်နှုန်း ရှိနေပြီး ဒီအခြေအနေမှာ အကြောင်းတစ်ခုခုကြောင့် အိမ်ရာဈေးနှူန်းတွေ ကျဆင်းသွားမယ်ဆိုရင် အိမ်ခြံမြေလုပ်ငန်းအားလုံး အကြွေးနွံနစ်ကုန်ကြမှာ ဖြစ်ပါတယ်။ဒါဟာ အခုကာလ Evergrande ရင်ဆိုင်နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ သူက အခြေမခိုင်တော့တဲ့ ဈေးကွက်ရဲ့ နိုင်ငံတကာထိ ခြေဆန့်ထားတဲ့ အကြီးဆုံး လုပ်ငန်းဖြစ်နေပြီး သူတင်နေတဲ့ အကြွေးက တရုတ် ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းရှိတာကြောင့် သူ့အနာဂတ်မှာ အထူး စိုးရိမ်စရာဖြစ်နေပါတယ်။ဒီအခြေအနေမှာ သတိထားရမယ့် နောက်ဆက်တွဲ ပြဿနာကတော့ သူသာ ပြိုကွဲသွားရင် ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေး (တရုတ် အရင်းရှင်စနစ်)ကို ခြိမ်းခြောက်လာမယ်၊ အဲ့ဒီကမှတဆင့် ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်လာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။Evergrande ဘာကြောင့် ပြိုကွဲရသလဲ။ဘယ်တော့မှ မဆုံးနိုင်တဲ့ ဒီအကြွေးသံသရာရဲ့ ရိုက်ခတ်မှုကို မြင်တွေ့လာတဲ့အခါ တရုတ်အစိုးရက လုပ်ငန်းအရွယ်အစားအလိုက် ချေးယူနိုင်တဲ့ ငွေပမာဏကို သတ်မှတ်ပေးလေ့ရှိပါတယ်။ ဒီအတိုင်းဆက်သွားရင် ပိုကြီးမားတဲ့ အကြပ်အတည်း ကြုံလာနိုင်လို့ အစိုးရကဝင်တားဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုတားဖို့ ကြိုးစားခြင်းဟာ အရင်က တရှိန်ထိုး သွားနေတဲ့ စီးပွားရေးကို ဟုန်းခနဲထိုးကျသွားအောင် လုပ်ပေးလိုက်သလိုပဲ။ အကြပ်အတည်းက ထိန်းလို့မရတော့တဲ့ အခြေအနေ ရောက်နေပြီးသားလည်း ဖြစ်နေနိုင်တယ်။နောက်ပိုင်းမှာ အခြားအိမ်ခြံမြေလုပ်ငန်းတွေပါ လုပ်ငန်းပိတ်သိမ်းလာတာ တွေ့ရပါတယ်။ လုပ်ငန်းငယ် တစ်ခုဖြစ်တဲ့ Fantasia Holdings ဆိုရင်လည်း အကြွေးမဆပ်နိုင်တဲ့ အခြေအနေမှာ ရောက်နေသလို Modern Land လုပ်ငန်းကလည်း ကန်ဒေါ်လာ ၂၅၀ မီလီယံ ငွေတိုက်စာချုပ်အတွက် အကြွေးဆပ်ဖို့ အချိန် (၃)လ ထပ်စောင့်ပေးရန် တောင်းဆိုထားရတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ ဒါ့အပြင် Sinic နှင့် Fujian Fusheng လုပ်ငန်းတွေကလည်း အကြွေးတင်နေတဲ့ လုပ်ငန်းစာရင်းမှာ ပါနေကြပါတယ်။အကျပ်အတည်းဩဂုတ်လ နဲ့ စက်တင်ဘာလတွေမှာ အိမ်ရာတန်ဖိုး ၁၉.၇ ရာခိုင်နှုန်း နဲ့ ၁၇ ရာခိုင်နှူန်းစီ ကျဆင်းနေပြီး တချို့ အခြေအနေတွင် ငွေသားနဲ့လက်ငင်းချေသူကို ၃၀ ရာခိုင်နှုန်းအထိ လျော့ဈေးပေးပြီး အတင်းကာရော ရောင်းထုတ်လိုက်ရတာမျိုးတွေ ရှိနေပါတယ်။တရုတ်စီးပွားရေး တိုးတက်မှုကို အဓိက ကျားကန်ပေးထားတဲ့ အိမ်ခြံမြေဈေးကွက်အနေနဲ့ နှစ်စဉ်ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှူန်းအထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ထိုမှတဆင့် ကမ္ဘာ့စီးပွားရေးကို မြင့်တက်စေသော်လည်း အခုလို အိမ်ရာဈေးနှုန်း အလျင်အမြန် ကျဆင်းမှုမှာ အလွန်ကြီးမားတဲ့ အန္တရာယ်တစ်ခုပဲဖြစ်ပါတယ်။ Evergrande က အိမ်ခြံမြေလုပ်ငန်းသာမက ကားလုပ်ငန်း နဲ့ အခြားရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခြားတရုတ်ကုမ္ပဏီအချို့ကလည်း သူ့ထဲမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါကြောင့် သူရင်ဆိုင်နေရတဲ့ အကျပ်အတည်းကြောင့် ထိခိုက်ရသူများတွင် အခြားနယ်ပယ်မှ စီးပွားရေးလုပ်ငန်းများလည်း ပါဝင်မှာဖြစ်ပါတယ်။ဒီအခြေအနေတွင် စဉ်းစားစရာ ရှိနေသည်က “စီးပွားရေးတစ်ခုလုံးရဲ့ အဓိက ဇာတ်ကောင်က ဘာကြောင့် အိမ်ခြံမြေဈေးကွက်ဖြစ်နေသလဲ” ဆိုတာရယ် “ဘာကြောင့် တရုတ်က အမေရိကန်ရဲ့ ဘဏ်ချေးငွေဂယက်(the subprime mortgage crisis) လို အဖြစ်အပျက်မျိုးနဲ့ တူညီတဲ့ အပြုအမူကို ထပ်မံ ပုံဖော်နေတာလဲ” ဆိုတာတွေပဲ ဖြစ်ပါတယ်။တကယ်တော့ တရုတ်လည်း ၂၀၀၈ ခုနှစ်က စီးပွားပျက်ကပ်ကို ခဏတာ ကြုံခဲ့ရတယ်။ အလုပ်သမားပေါင်း သန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အစိုးရက ငွေတွေပုံအော ထောက်ပံ့တဲ့ “fiscal stimulus” နည်းကိုသုံးပြီး ပြဿနာကို ဖြေရှင်းနိုင်ခဲ့တာကြောင့် စီးပွားရေးပြန်လည် ဦးမော့လာခဲ့ပြန်တယ်။ ဒီဖြေရှင်းနည်းအရ အစိုးရက ချေးငွေပြန်ဆပ်မှု ဆိုင်းငံ့ခြင်း နဲ့ ငွေတိုက်စာချုပ်များ ကန်ဒေါ်လာ (၅၈၆) ဘီလီယံစာ ဝယ်ယူပေးပြီး တရုတ်စီးပွားအကျပ်အတည်းကိုသာမက ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ (၂၀၀၈ ခုနှစ်ကို ရည်ညွှန်း) တရုတ်က အရင်းရှင် စီးပွားရေးစနစ် ဖြစ်နေပြီ၊ ဒါ့ကြောင့် အကြွေးနွံအနစ်ခံပြီး အဲဒီလို အစိုးရငွေတွေ ပုံအောထောက်ပံ့ပေးခဲ့ရတယ်၊ စီမံကိန်းကျ ကုန်ထုတ်ခြင်းနည်းနဲ့ အကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့တာ မဟုတ်ပါဘူး။အကယ်၍ ၂၀၀၈ ခုနှစ်တွင် တရုတ်ပုဂ္ဂလိက ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ပြီး အလုပ်သမားတွေကို ဖြုတ်ခဲ့လျှင် အကြောင်းပြချက်ကောင်း တစ်ခုရှိပါတယ်၊ အဲဒါက ဘဏ္ဍာရေး အကျပ်အတည်းကာလမှာ ကား၊ အဝတ်အစားနဲ့ ဖုန်း စတဲ့ ပစ္စည်းတွေကို ကမ္ဘာ့ဈေးကွက်က အကန့်အသတ်နဲ့ပဲ ဝယ်ယူသုံးစွဲနိုင်လို့ ဖြစ်ပါတယ်။ ဗဟိုအစိုးရက ငွေတွေ အမြောက်အမြား ထုတ်ချေးပေးနေပေမယ့် ဒီပြဿနာ ပြေလည်မသွားခဲ့ဘူး။ အကြပ်အတည်းနဲ့ နပန်းလုံးနေရတဲ့ ဂလိုဘယ် ဈေးကွက်မှာ ဝယ်လိုအား နည်းပါးမှုက ဆက်ရှိနေခဲ့တယ်။ဒါ့ကြောင့် အကျပ်အတည်းကနေ ရုန်းထွက်နိုင်အောင် အသည်းအသန် ကြိုးစားနေရတဲ့ အစိုးရက အတိုးနှူန်း သက်သက်သာသာနဲ့ ငွေချေးပေးခဲ့ရင်တောင် ဒီငွေတွေကို ရောင်းလို့မစွံနိုင်တဲ့ ကုန်ပစ္စည်းတွေ ထပ်ထုတ်ဖို့ စက်ရုံအလုပ်ရုံကြီးတွေတည်ထောင်ရာမှာ သုံးစွဲကြမှာမဟုတ်ဘဲ ဈေးကစားဖို့အတွက်သာ သုံးစွဲကြမှာဖြစ်တယ်။အစိုးရပိုင်လို့ နာမည်ခံထားတဲ့ လုပ်ငန်းများအပါအဝင် ကုမ္ပဏီအားလုံးဟာ (အတိုးနှုန်းသက်သက်သာသာနဲ့) ချေးငွေများများ ရရှိပါက ကုန်ထုတ်လုပ်မှုအတွက် သုံးမယ့်အစား တဆင့်ပြန်ချေးပြီး ဈေးကစားဖို့သာ အာရုံစိုက်တတ်ကြပါတယ်။ အစိုးရပိုင် စတီးကုမ္ပဏီများက လျှို့ဝှက်ဘဏ်ခွဲ (shadow banks)များ ဖွင့်ထားပြီး အိမ်ခြံမြေလုပ်ငန်းရှင်များကို ငွေချေးပေးကြပါတယ်။ ဒီလိုနည်းနဲ့ ရလာတဲ့ အကျိုးအမြတ်မှာ မူလလုပ်ငန်းရဲ့ ဝင်ငွေထက်ပင် ပိုရကြပါတယ်။မာ့က်စ် ပြောခဲ့သလိုပဲ အကြွေးစနစ်ဆိုတာ ‘အရင်း’ကို သူ့မူလ အကန့်အသတ်တွေထက် ကျော်လွန် ချဲ့ထွင်ခွင့်ပေးပြီး ယာယီအားဖြင့် အကျပ်အတည်းကို ကျော်လွှားစေနိုင်တယ်၊ ယာယီပြေလည်သွားပေမယ့် အဲဒီအကြွေးတွေ ပြန်ဆပ်ရတဲ့အခါ အရင်တခါထက် ပိုကြီးမားတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရတော့တယ်။အကြွေးစနစ်ကျယ်ပြန့်လာလေလေ ထိရောက်မှုအားနည်းလာလေလေပင် ဖြစ်ပါတယ်။ အစိုးရကငွေထုတ်ချေးတဲ့ နည်းမသုံးခင်က တရုတ်စီးပွားရေးရဲ့ အပိုစောင်း တိုးတက်မှု တစ်ဒေါ်လာ ရရှိဖို့ ၁ ဒဿမ ၄ ဒေါ်လာ ကျသင့်မည့်နေရာတွင် အခုဆို အကြွေး ၄ ဒေါ်လာ တင်ရသလို ဖြစ်နေပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ အသစ်ထပ်ယူလိုက်တဲ့ ချေးငွေတွေကို ကုန်ထုတ် အင်အားစုအသစ်တွေ ဖန်တီးထုတ်လုပ်ရေးမှာ အသုံးမပြုနိုင်ဘဲ နဂိုရှိပြီးသား အကြွေးတွေ ဆပ်ဖို့ပဲ သုံးနေရလို့ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် အကြွေးပေါ်အကြွေးဆင့်လာတာကြောင့် အချိန်ကြာလေလေ ပြန်ဆပ်နိုင်တဲ့ အခြေအနေနဲ့ ဝေးကွာလေလေ ဖြစ်နေတာ ဖြစ်ပါတယ်။ ၂၀၀၈ မတိုင်ခင်က တရုတ်နိုင်ငံက တင်နေတဲ့ အကြွေးစုစုပေါင်းမှာ ဂျီဒီပီရဲ့ ၁၆၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ ၂၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။စီးပွားရေး ဦးမော့လာအောင် အစိုးရက အကြွေးတင်ခံပြီး ငွေတွေပုံအောသုံးခဲ့ရတာဟာ တခြားကြောင့် မဟုတ်ပေ၊ ဈေးကွက်စီးပွားရေးစနစ်မှာ ဒီနည်းကလွဲပြီး တခြား ဖြေရှင်းနည်း မရှိလို့ ဖြစ်ပါတယ်။ အချက်အချာကျတဲ့ ပင်မ စီးပွားရေး လုပ်ငန်းတွေအားလုံး ပုဂ္ဂလိကပိုင် ဖြစ်နေပြီး လူ့အဖွဲ့အစည်း လိုအပ်ချက်ထက် အမြတ်ရဖို့ပဲ ဦးစားပေး ထုတ်လုပ်နေလို့ တရုတ်အစိုးရအနေနဲ့ စီမံကိန်းကျ ကုန်ထုတ်လုပ်ရေးကို အစမပြုနိုင်ခဲ့ဘူး။ (၂၀၀၈ စီးပွားရေး အကျပ်အတည်းကာလကို ရည်ညွှန်းပြောနေခြင်း ဖြစ်ပါတယ်)။ရုတ်တရက် ပေါက်ကွဲမှူကြီးEvergrande လုပ်ငန်းက အကြွေးတွေ ထပ်ခါတလဲလဲ ယူရင်း ပြိုလဲရတော့မယ့်ကိန်း ဆိုက်ရောက်ရတာမှာ အခြေခံကျကျ ယိုယွင်းနေတဲ့ အချက်ကို ဖွင့်ပြသွားတယ်။ဒီလိုကြည့်မယ်ဆိုရင် အဲဗားဂရန်ဒီဟာ တရုတ် အရင်းရှင်စနစ်ရဲ့ အခုနောက်ဆုံး အကျပ်အတည်းကို နမူနာဆောင်နေတဲ့ ပုံစံငယ်တခုနဲ့ တူတယ်။ တရုတ် အရင်းရှင်စနစ်ကိုယ်တိုင်က အကြွေးတွေ ထပ်တလဲလဲ ချေးယူတဲ့နည်းနဲ့ပဲ ဆက်လက်ကြီးထွားအောင် လုပ်နေရတယ်။ အကြွေးဝန် မနိုင်မနင်း ထမ်းကြရတဲ့ ပြဿနာကို ဖြေရှင်းဖို့ အစိုးရက “စည်းမျဉ်းနီ သုံးကြောင်း”(Three Red Lines) ကို အသစ်ပြဌာန်းခဲ့ပါတယ်။ အလွန်အကျွံ ငွေချေးယူလို့ မရအောင် တင်းကြပ်ဖို့ ပြဌာန်းလိုက်တဲ့ စည်းမျဉ်းတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်း ၁၅ ခုမှာ တစ်ခုတည်းကပဲ အစိုးရ ထုတ်ပြန်လိုက်တဲ့ အဲဒီစည်းမျဉ်းတွေကို အပြည့်အဝ လိုက်နာနိုင်တယ်။ ဒါ့ကြောင့် အဲဗားဂရန်ဒီတခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ တရုတ် အရင်းရှင်စနစ် တခုလုံး ရင်ဆိုင်နေရသော နက်ရှိုင်းလှတဲ့ ပြဿနာ ဖြစ်ပါတယ်။အစိုးရကတော့ ဒီလို အကြွေးဝန်ပိစေမယ့် ပြဿနာမျိုးကို ကြိုတင်ရှောင်ရှားလိုတဲ့ သဘောနဲ့ အကြွေးယူစနစ်အပေါ် စည်းကမ်းသတ်မှတ်လိုက်တာဖြစ်ပါတယ်။ ပြဿနာက အစောပိုင်းကတည်းက ချေးငွေအများကြီး ယူမိလျက်သားဖြစ်နေတယ်၊ ဒီလိုမျိုး ကြွေးမြီပူဖောင်းကို ဖောက်ခွဲဖို့ဆိုတာ အစိုးရ ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး။Evergrande အတွက် အာမခံ ထားရှိတယ်ဆိုတာမျိုး မတွေ့ရသလို အကျပ်အတည်းက လွတ်မြောက်မယ့် လမ်းစလည်း မတွေ့သေးပါ။ သူ့ကို ထောက်ပံ့ကူညီမယ် ဆိုရင်လည်း “ကိုယ်ကျင့်တရား အန္တရာယ်” (moral hazard) ကို ဖန်တီးသလို ဖြစ်သွားပါလိမ့်မယ်။ အကြောင်းရင်းမှာ အခြားကုမ္ပဏီတွေကပါ အကြွေးယူတာကို လွယ်လင့်တကူ လုပ်လာပြီး ဘယ်လို အခက်အခဲပဲ ကြုံကြုံ အစိုးရက ဝင်ကူညီပေးမှာဆိုတဲ့ အတွေးနဲ့ အကြွေးယူဖို့ ဝင်မလေးတော့တဲ့ အခြေအနေတွေဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။Evergrande ကို အစိုးရက ဝင်ကူညီဖို့ဆိုတဲ့ အခြေအနေကလည်း ထင်သလောက် မလွယ်ပါဘူး။ အဲဗားဂရန်ဒီ တခုတည်းတင် မပြီးသေးတဲ့ ဆောက်လက်စ အိမ်ရာပေါင်း ၁.၆ သန်းကျော်ရှိနေတာကြောင့် နောက်ထပ်အကြွေးတင်နေကြတဲ့ လုပ်ငန်းတွေကိုပါ ထည့်တွက်မယ်ဆိုရင် ပမာဏ အဆမတန်များသွားမှာ ဖြစ်ပါတယ်။ ကြိုပွိုင့်နဲ့ ဝယ်ယူထားတဲ့ အိမ်တွေအတွက် ဘယ်လိုအပြီးသတ်ပေးမလဲဆိုတာ မေးစရာဖြစ်လာပါတယ်။The Economist မှာ ရှင်းပြထားတာက “မပြီးသေးတဲ့ စီမံကိန်းတွေကို ပြီးဆုံးအောင် ဆောက်မယ်ဆိုရင်တော့ သက်ဆိုင်တဲ့ ဒေသဆိုင်ရာအစိုးရတွေက မြို့ပေါင်းများစွာမှာ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး သူတို့လုပ်ငန်းတွေကို အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လိုပါမယ်။ ဒီပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိရဖို့ ခက်ပါတယ်”။ဒါ့အပြင် ဒီလိုသာ တရုတ်ဘီလျံနာတွေရဲ့ လောဘလွန်ကဲမှုကို မြင်သာစေတဲ့ ကုမ္ပဏီကြီးတစ်ခုကို အစိုးရက ဝင်ကယ်ပေးလိုက်မယ်ဆိုရင် သမ္မတ ရှီကျင့်ဖျင်ရဲ့ မိမိကိုယ်ကို ပုံဖော်ထားတဲ့ ဆင်းရဲချမ်းသာ ကွာဟမှု ပပျောက်ရေး နဲ့ တာဝန်မဲ့ စီးပွားရေးဆိုင်ရာ အပြုအမူတွေကို ရပ်တန့်ရေး ကြိုးစားနေသူ ဆိုတဲ့ ပုံရိပ်ကို ထိခိုက်လာမှာ ဖြစ်ပါတယ်။တကယ်လို့ အစိုးရက ဒီပြဿနာကို ချေးငွေစနစ်နဲ့ပဲ ဖြေရှင်းလိုက်မယ်ဆိုရင် ဗဟိုဘဏ်က ပိုက်ဆံတွေ ဈေးကွက်ထဲကို ဒလဟော ဝင်ရောက်လာမှာဖြစ်လို့ အခုကြုံနေရဆဲ ပြဿနာရပ်ဝန်းထဲကို တစ်ကြော့ပြန်လည် ဆင်းသက်မိသလို ဖြစ်သွားပါလိမ့်မယ်။ ယူရိုဇုန် အကျပ်အတည်းကာလတုန်းက EU ကြုံခဲ့ရသလိုပဲ တရုတ်က လိပ်ခဲတည်းလည်း အခြေအနေမှာရှိနေပြီး ဝေခွဲရခက်တဲ့ အနေအထားမှာ ရောက်နေပါတယ်။ ဥရောပ ကြုံခဲ့ရတဲ့ အကျပ်အတည်းက ဘယ်အခြေဆိုက်သွားသလဲ။ ဂရိလို အမြဲအကြွေးတင်နေတဲ့ နိုင်ငံတွေကြောင့် ဘဏ္ဍာရေး အကျပ်အတည်းကာလတွေ ထပ်ကျော့လာနိုင်ပြီး EU ပြိုကွဲသွားနိုင်တဲ့ အန္တရာယ်မျိုး အခက်အခဲတွေကို ကြုံတွေ့နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ အကျပ်အတည်းကာလအတွင်း ဗဟိုဘဏ်တွေ ဒလဟော လောင်းထည့်ပေးလိုက်တဲ့ အတုအယောင် အရင်းတွေက အရင်းရှင်စနစ် ပြိုလဲကျမယ့် နေ့ရက်ကိုပဲ ယာယီရွှေ့ဆိုင်းပေးနိုင်တယ် (တကယ်တမ်း အကျပ်အတည်းပြန်ဆိုက်ပြီဟေ့ဆိုရင် ပိုဆိုးရွားအောင် လုပ်ပေးနိုင်တယ်)၊ ဒါတင်မကသေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားစေတယ်၊ တကယ်တမ်း ပြိုလဲသွားသင့်ပေမယ့် အစိုးရတွေ ကျားကန်ပေးထားတဲ့ ချေးငွေတွေကြောင့် အသက်ဆက်နေသေးတဲ့ လုပ်ငန်းတွေ (ဒါ့ကြောင့် သူတို့ကို ‘ဇွန်ဘီး ကုမ္ပဏီတွေ’လို့ ခေါ်ကြတယ်) အများအပြား ရှိနေခြင်းက စီးပွားရေး တန့်နေတဲ့ လက္ခဏာဖြစ်တယ်။ ဒီလိုနည်းလမ်းကိုပဲ တရုတ် နိုင်ငံက ကျင့်သုံးမယ်ဆိုရင်တော့ သူ့အနာဂတ်ကလည်း ဒီလိုပဲ ဖြစ်လာပါလိမ့်မယ်။အခြားတစ်ဖက်ကကြည့်ရင်လည်း အစိုးရက Evergrande ကို ဝင်မကယ်ဘဲ လက်ပိုက် ကြည့်နေမယ်ဆိုရင် အိမ်ခြံမြေဈေးကွက် ပျက်စီးသွားမယ်၊ တရုတ်ဘဏ္ဍာရေး အကျပ်အတည်းဆီကို ဦးတည်သွားမယ့်အပြင် စီးပွားရေးနယ်ပယ်အားလုံး အကျဘက်ပဲ ရောက်သွားမယ်။ ထိုမှတဆင့် အခြားနိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း အကျဘက်ကို တွန်းပို့သွားမှာ ဖြစ်ပါတယ်။တကယ်တော့ Evergrande ရဲ့ ပြဿနာက အရင်းရှင်စနစ်ရဲ့ အကန့်အသတ်တွေကို ထုတ်ပြလိုက်ခြင်း ဖြစ်တယ်။ တရုတ်ဟာ အရင်းရှင်စနစ်ရဲ့ စီးပွားရေး အတက်ကာလ လမ်းဆုံးကို ရောက်သွားပြီ၊ အတုအယောင် အရင်းတွေပေါ်အားပြုထားရသော အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ စီးပွားရေးတိုးတက်မှု ပူဖောင်းကြီးနဲ့သာ ဒီအတက်ကာလကို ထိန်းထားနိုင်ခဲ့တယ်။တချို့သော တရုတ်အစိုးရကို ထောက်ခံသူ လက်ဝဲဝါဒီသမားတွေကတော့ တရုတ်နိုင်ငံက ဆိုရှယ်လစ်စနစ်အတွက် စီးပွားရေး အခြေခံအုတ်မြစ်ချပေးဖို့ အရင်းရှင်စနစ်ကို အသုံးပြုရတာဖြစ်ကြောင်း၊ ဒါဟာ အစိုးရက ပြဌာန်းထားတဲ့ ဆယ်စုနှစ် များစွာကြာမယ့် စီမံကိန်းတစ်ခုကို လိုက်နာခြင်းသာဖြစ်ကြောင်း အဆိုပြုကြပါတယ်။တရုတ်အစိုးရက စစ်မှန်တဲ့ ကွန်မြူနစ်ဖြစ်ပြီး သူတို့ယူဆသလိုသာ ဖြစ်နေမယ်ဆိုရင် အခုကြုံနေရတဲ့ အကျပ်အတည်းကို အဲဒီ ရေရှည်စီမံကိန်းရဲ့ အမြင့်ဆုံးရလဒ်အဖြစ် သူတို့ သေချာပေါက် မြင်လိမ့်မယ်။ ဒီလို အခြေအနေမှာ လက်ရှိအကျပ်အတည်းက အာဏာတွေ ပိုဆုပ်ကိုင်ထားပြီး လက်ဝဲဝါဒီ ပုံရိပ်ထူထောင်ထားတဲ့ ရှီကျင့်ဖျင်အတွက် Evergrande နဲ့ အခြားလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းလိုက်ပြီး စီမံကိန်း စီးပွားရေးစနစ်ဆီ အသွင်ကူးပြောင်းမှုကို အစပြုနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းတခု ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။တကယ်တော့ လတ်တလော ကာလမှာဖြစ်ခဲ့တဲ့ အကျပ်အတည်းတစ်ခုမှာ ဒါနဲ့ဆန့်ကျင်ဘက် အရွေ့တခုကို မြင်တွေ့နိုင်ပါသေးတယ်။ ကျောက်မီးသွေးဈေးနှုန်း ခုန်တက်သွားရာကနေ တရုတ် နိုင်ငံရဲ့ နေရာအတော်များများမှာ မီးပြတ်သွားပါတယ်။ သုံးစွဲသူတွေအပေါ်ကောက်ခံရမယ့် ပမာဏကို အစိုးရက တရားဝင်သတ်မှတ်ထားတာမို့ စွမ်းအင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့ ကျောက်မီးသွေး အရင်း ဈေးကြီးတာကြောင့် အမြတ်မရနိုင်တဲ့ အခြေအနေ ရောက်လာပါတော့တယ်။ ဒါကြောင့် သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်တွေကို အလွယ်တကူ ရပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သာမန်တရုတ်ပြည်သူ သန်းနဲ့ချီပြီး ရုတ်တရက် မီးပြတ်တဲ့ ဒဏ်ကို ခံစားလိုက်ရပါတယ်။ အစိုးရက အမြတ်တစ်ခုတည်းကိုပဲ ကြည့်တဲ့ ကုမ္ပဏီကြီးတွေကို ပြည်သူပိုင်သိမ်းပြီး တုံ့ပြန်လိုက်သလား။ မဟုတ်ပါ။ ဒါနဲ့ဆန့်ကျင်ဖက်ပဲ လုပ်ခဲ့တယ်။ ကျောက်မီးသွေးဈေးတွေ ခေါင်ခိုက်နေချိန်မှာတောင် စွမ်းအင်ထုတ် လုပ်ငန်းတွေ အမြတ်ကောင်းကောင်းနဲ့ ဓာတ်အားရောင်းစားလို့ရအောင် တရားဝင်ပြဌာန်းထားတဲ့ ဈေးနှုန်းကန့်သတ်မှုတွေ ဖယ်ရှားပေးဖို့ လုပ်လာတယ် (The Economist, 23.10.2021)။ အရင်းရှင် လုပ်ငန်းကြီးတွေ အမြတ်ငွေ ကောင်းကောင်းရစေဖို့ တရုတ်အလုပ်သမား လူတန်းစားက ဆက်လက်ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။တရုတ်အကျပ်အတည်း = ကမ္ဘာ့အကျပ်အတည်း၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ဘဏ်ချေးငွေ ဂယက်က ကမ္ဘာ့စီးပွားရေးကို အပြင်းအထန် အကျပ်ရိုက်စေခဲ့ပါတယ်။ သမိုင်းရဲ့ ပြက်ရယ်ပြုချက်ပေလား၊ အဲ့ဒီတုန်းက အကျပ်အတည်းကို ပျက်ကပ်တခု မဖြစ်သွားအောင် ကာကွယ်ပေးခဲ့တဲ့ တရုတ် အိမ်ခြံမြေ စီးပွားရေးလုပ်ငန်း ပူဖောင်းကြီးဟာ အခုတော့ ဘဏ်ချေးငွေ ဂယက်နဲ့ အလားတူ အကျပ်အတည်းတခုဆီ ဦးတည်နေပြီ ဖြစ်တယ်။၂၀၀၈ ခုနှစ် အကျပ်အတည်းကနေ ရုန်းထွက်ဖို့ တရုတ်စီးပွားရေး စနစ်အတွက် ချေးငွေတွေ တောင်ပုံရာပုံ ဖြည့်သွင်းလိုက်တဲ့အခါ ကုန်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေနဲ့ အရင်းအနှီးကုန်စည်တွေကို အလုအယက် ဝယ်ကြပါတော့တယ်။ ဒီလိုနဲ့ ဂျာမနီနဲ့ ဩစတြီးလျနိုင်ငံတွေရဲ့ စီးပွားရေးကိုပါ မြင့်တက်စေခဲ့ပါတယ်။ဒီကနေ့ တရုတ်နိုင်ငံကြုံနေရတဲ့ ပြဿနာကလည်း ၂၀၀၈ တုန်းက အနောက်နိုင်ငံတွေက စတင်တဲ့ အကျပ်အတည်းလိုပဲ ကမ္ဘာ့စီးပွားရေးကို လာရိုက်ခတ်မှာ အသေအချာပါပဲ။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၈-၉ ဘဏ္ဍာရေး အကျပ်အတည်းကနေ အမှန်တကယ် နာလန်ပြန်ထူမလာခဲ့ဘူး၊ ဒါ့အပြင် ကိုဗစ်ကပ်ဘေးဒဏ်လည်း ခံထားရသေးတယ်။ ဒီလို ကမ္ဘာ့စီးပွားရေး အခြေအနေဆိုးနေချိန် ဖြစ်လာမယ့် အကျပ်အတည်းဟာ ၂၀၀၈ အကျပ်အတည်းထက် ပိုပြီးတော့ ဆိုးရွားလိမ့်မယ်။ ဒါ့အပြင် အခုအကျပ်အတည်းက ကမ္ဘာ့စီးပွားရေးသာ အမှန်တကယ် ထိပါးလာရင် နိုင်ငံတကာ စီးပွားရေးကျဆင်းမှုကိုပါ ဝင်ထိန်းနိုင်တဲ့ တရုတ်လို နိုင်ငံမျိုး နောက်ထပ်မရှိတာကြောင့် နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းနဲ့ အခြေအနေချင်း ကွာခြားနိုင်ပါတယ်။ကမ္ဘာ့ လုပ်ငန်းဆိုင်ရာ ကြွေးမြီထဲတွင် တရုတ်နိုင်ငံရဲ့ ကြွေးမြီက ၃၁ ရာခိုင်နှုန်းရှိတာကြောင့် အလွန်များတဲ့ ပမာဏနဲ့ပါဝင်နေပါတယ်။ သူ့ရဲ့ အကြွေးနဲ့ ဂျီဒီပီ အချိုးအစားက ကမ္ဘာ့နိုင်ငံတွေထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်ကြွေးမြီ အကျပ်အတည်းက ကမ္ဘာ့ဈေးကွက်တွေကို လှုပ်ခတ်စေမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို အကျိုးသက်ရောက်လာမှာ ဖြစ်ပါတယ်။တကယ်တော့ အိမ်ခြံမြေဈေးကွက် ပြင်ပက အကြွေးနွံနစ်နေတဲ့ တရုတ်လုပ်ငန်းအချို့မှာ ‘ငွေသား ရှားပါးမှု’ ကြုံနေရပြီ။ ဒီလို ဘာမှမရေရာတဲ့ ကာလတွေမှာ သူတို့ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားဖို့ အပူတပြင်း လိုအပ်နေတဲ့ ငွေတွေကို အဲဒီလုပ်ငန်းတွေ ဘယ်လိုမှ ချေးငှားမရနိုင်တဲ့ အခြေအနေ ကြုံနေရတယ်။ Evergrande ကတော့ တရုတ်နိုင်ငံ ပြင်ပက ငွေချေးစာချုပ် ဝယ်ယူထားသူတွေအပေါ် ဘီလီယံနဲ့ချီတဲ့ အကြွေးတင်နေပါတယ်။ အဲဗားဂရန်ဒီ အကြွေးပြန်မဆပ်နိုင်ရင် အဲဒီလူတွေ ပထမဆုံး ခံရလိမ့်မယ်။တချို့ကတော့ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ‘ခွဲခွာမှုဖြစ်စဉ်’ကြောင့် တရုတ်နိုင်ငံရဲ့ ပြဿနာက ကမ္ဘာ့ စီးပွားရေးတစ်ခုလုံးကို ပြင်းပြင်းထန်ထန် မသက်ရောက်နိုင်ဘူးလို့ ဆိုကြပါတယ်။ ပြင်ပလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုကနေ ပြည်တွင်းလုပ်ငန်းတွေကို ကာကွယ်ရေးဝါဒ မြင့်တက်လာတာက အမှန်တကယ်ရှိနေတဲ့ ဖြစ်စဉ်တခု ဖြစ်ပေမဲ့ ( အရင်းရှင် စီးပွားရေးစနစ် ကျန်းမာကြံ့ခိုင်တဲ့ လက္ခဏာတော့ မဟုတ်ဘူး) တရုတ် နဲ့ အမေရိကန်၊ ဥရောပတို့ကြား ပေါ်ပေါက်လာတဲ့ ကုန်သွယ်မှု စစ်ပွဲက တရုတ်စီးပွားရေးကို ပြတ်ပြတ်သားသား ‘ခွဲထုတ်ပစ်ဖို့’ အားကောင်းတဲ့ အနေအထားမှာ မရှိပါဘူး။ တရုတ်ဈေးကွက်ရဲ့ အရွယ်အစားနဲ့ ဗဟိုချက်ကျမှုက အားကောင်းလွန်းတာကြောင့် သူနဲ့ ကင်းကင်းရှင်းရှင်း နေနိုင်ဖို့က မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။ကာကွယ်ရေးဝါဒ ပျံ့နှံ့လာတာကြောင့် ဥရောပ နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေက တရုတ်ပြည်တွင်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချလာနိုင်ပြီး သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေအပေါ် ခြိမ်းခြောက်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်ကို စိုးရိမ်သော်လည်း ဒီလိုစဉ်းစားချက်တွေက နောက်ပိုင်းမှာ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။ အခုနှစ်နွေရာသီ အစောပိုင်းက ဥရောပ ကုန်သည်ကြီးများ အသင်း (European Chamber of Commerce) ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ စာတမ်းတစ်စောင်မှာဆိုရင် တရုတ်နိုင်ငံမှာ ဥရောပ လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာတဲ့အပြင် တရုတ်နိုင်ငံက ကူးစက်ရောဂါ ကပ်ဘေးကနေ မြန်မြန်နာလန်ထလာနိုင်တာကြောင့် သူတို့လုပ်ငန်းတွေရဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ (supply chains) ပါ တရုတ်နိုင်ငံထဲကို ရွှေ့ပြောင်းနေကြောင်း အစီရင်ခံထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဥရောပကုမ္ပဏီတွေရဲ့ ခန့်မှန်းခြေ (၆၀) ရာခိုင်နှုန်းက တရုတ်နိုင်ငံတွင်း သူတို့ လုပ်ငန်းတွေကို ချဲ့ထွင်သွားဖို့ စီစဉ်ထားကြတယ်၊ ၂၀၂၀ ခုနှစ်နဲ့စာရင် (၅၁) ရာခိုင်နှုန်း တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းအတွက် သူတို့ရဲ့ အကြောင်းပြချက်ကတော့ တရုတ်နိုင်ငံမှာဆို အမြတ်အစွန်း ပိုရတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။မကြာသေးမီက အဖြစ်အပျက်တွေ (ဒီအထဲမှာ အဲဗားဂရန်ဒီ အကြွေးပြန်မဆပ်နိုင်မယ့် ပြဿနာက သေးသေးမွှားမွှား ကိစ္စမဟုတ်ဘူး) ကြောင့် အဲဒီလို များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လာတော့မှာ မဟုတ်ဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လတွေကတင် ဥရောပ လုပ်ငန်းကြီး အများစု တရုတ်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့ စီစဉ်နေတာကြည့်ရင် အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့် နယ်ချဲ့စနစ်ခေတ်မှာ ‘ခွဲခွာမှု’ကို အကန့်အသတ်နဲ့ပဲ လုပ်နိုင်ကြောင်း တွေ့ရမယ်။ (အရင်းရှင်စနစ်ဟာ နိုင်ငံတနိုင်ငံတည်းမှာပဲ သီးခြားနေလို့ မရတော့တဲ့ ကမ္ဘာ့စနစ် ဖြစ်နေခဲ့တာ ရာစုနှစ်တခုကျော်ခဲ့ပြီ။ ဒီလို တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန် မှီခိုနေရတဲ့ ကမ္ဘာ့အရင်းရှင်စနစ်ခေတ်မှာ တရုတ်က အမေရိကန်နဲ့ ခွာမယ်၊ အမေရိကန်က တရုတ်နဲ့ ခွာမယ်လို့ ဘယ်လိုပဲကြိုးစားပါစေ လက်တွေ့မဖြစ်နိုင်ဘူး။ ကုန်သွယ်ခွန်တွေ အဆမတန် မြှင့်တင်ပြီး ပြည်တွင်းဈေးကွက်ကို ကာကွယ်ဖို့ကြိုးစားတဲ့ ကာကွယ်ရေးဝါဒ ကျင့်သုံးလာပေမယ့် အမှန်တကယ်တော့ ကမ္ဘာ့အရင်းရှင်စနစ်မှာ ဘယ်နိုင်ငံမှ သီးခြားရပ်တည်လို့ မရပါဘူး။ ဒါ့ကြောင့် decoupling လို့ခေါ်တဲ့ ခွဲခွာမှုဖြစ်စဉ်ဟာ အကန့်အသတ်နဲ့ပဲ လုပ်လို့ရနိုင်တယ်။ အရင်းရှင်နိုင်ငံတွေ တခုနဲ့တခု လွတ်လွတ်ကင်းကင်း ဖြစ်သွားအောင် ခွဲထုတ်လို့ ခွဲခွာလို့ မရဘူးလို့ ဆိုလိုပါတယ်။ ဘာသာပြန်သူ)။ကမ္ဘာကုန်သွယ်မှုရဲ့ ၁၃ ဒဿမ ၆ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိထားပြီး အခြားနိုင်ငံအားလုံးထက် အများဆုံးအနေအထားမှာရှိနေတဲ့ အချက်ကလည်း ဒီသဘောတရားကို သက်သေထူပေးတယ်။ ဒီအချိုးအစားဟာ (၂၀၁၃) ကနေ (၂၀၁၈) ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှု တိုးတက်မှုရဲ့ (၂၈) ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ပြီး အမေရိကန်ထက် နှစ်ဆ ရှိနေတယ်။ ဒါတွေကြောင့်မို့လို့ အချိန်အကြာကြီး ရွှေ့ဆိုင်းလာခဲ့တဲ့ တရုတ်အရင်းရှင်စနစ် အကျပ်အတည်းက ကမ္ဘာ့ စီးပွားရေးကို အကျပ်အတည်းဆီ တွန်းပို့မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါ။မညီမျှမှုအရင်းရှင်စနစ် ဆယ်စုနှစ်များစွာ ထွန်းကားလာခြင်းက တရုတ်လူ့အဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ပြောင်းလဲသွားစေခဲ့ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု ဆိုးဆိုးရွားရွား ကြီးမားနေခြင်းက ဒီစနစ်ရဲ့ ဝိသေသ လက္ခဏာတစ်ရပ်ဖြစ်နေပြီး အုပ်ချုပ်သူတွေရဲ့ အတွေးတွေကို တချိန်လုံး ခြောက်လှန့်နေတယ်။ ဇန်နဝါရီလက ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းမှာတော့ အန္တရာယ်များပြီး ညှိယူရခက်တဲ့ ဆင်းရဲချမ်းသာကွာဟချက်ကို ဒီထက်ပို ကြီးထွားခွင့် မပေးတော့ဟု ပြောကြားထားပါတယ်။ဒီမိန့်ခွန်းက ရှီကျင့်ဖျင်အား အရင်းရှင်စနစ်ကို ဖျက်သိမ်းရန် အစီအစဉ်ရှိတဲ့ “ခေတ်သစ်မော်ဝါဒီ” တစ်ယောက်အဖြစ် ဂုဏ်သတင်းမွှေးလာစေပါတယ်။ ဒါပေမဲ့ သူ့မှတ်ချက်ထဲမှာ လှစ်ဟပြထားသလိုပဲ အရင်းရှင်စနစ်ရဲ့ မညီမျှမှုပြဿနာတွေကို သူကဆန့်ကျင်နေတာ မဟုတ်ဘဲ ဒီစနစ်ရဲ့ ရှင်သန်ဖြစ်ထွန်းမှုကို ခြိမ်းခြောက်လာတဲ့အထိ ဆိုးရွားလာတဲ့ “အလွန်အကျွံဖြစ်မှုတွေ” ကိုသာ ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။ယခုအချိန်တွင် တရုတ်နိုင်ငံ၌ အမေရိကန်ကဲ့သို့ ဘီလီယံနာ အများအပြား (တရုတ်- ၆၉၈ ဦး နှင့် အမေရိကန်-၇၂၄ ဦး) ရှိနေပြီး တရုတ် ပါလီမန်က အမေရိကန်ထက် အဆများစွာ ပိုချမ်းသာနေပါတယ် (ထိပ်တန်း စီးပွားရေးသမားများ တဖြစ်လဲ ဥပဒေပြုသူ ၂၀ ဦးဟာ ကန်ဒေါ်လာ ၅၃၄ ဘီလီယံ ကြွယ်ဝချမ်းသာသူတွေ ဖြစ်ပါတယ်)၊ တစ်ဖက်မှာတော့ တရုတ်နိုင်ငံအတွင်းက ရွှေ့ပြောင်းလုပ်သား (၂၈၆) သန်း ရဲ့ (၂၈) ရာခိုင်နှုန်းကျော်ကတော့ ကိုယ်ပိုင်အိမ်သာတောင် မရှိတဲ့ အနေအထားမှာ ရောက်နေပါတယ်။ (၁၀)လပိုင်းမှာထုတ်ဝေတဲ့ The Economist မဂ္ဂဇင်းတွင် ၂၀၁၆ခုနှစ်က လေ့လာမှုတစ်ခုအရ တရုတ် ကျေးလက်ဒေသများရှိ ကျောင်းသားတွေရဲ့ (၁၆-၂၇) ရာခိုင်နှုန်းမှာ ဗီတာမင်နဲ့ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ခံစားနေရကြောင်း ဖော်ပြထားပါတယ်။တရုတ်နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုပြဿနာဟာ တရှိန်ထိုး ကြီးထွားလာခဲ့တယ်၊ ကမ္ဘာမှာ တန်းတူညီမျှမှုအရှိဆုံး နိုင်ငံအဖြစ်ကနေ မညီမျှမှုအများဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။ စီးပွားရေး မညီမျှမှုကို တိုင်းတာတဲ့ ( Gini Coefficient) ညွှန်းကိန်းမှာ အမေရိကန်နဲ့ ဗြိတိန်တို့ထက် အနည်းငယ် ပိုကြီးနေပြီ။ တရုတ် မြို့ကြီးတွေဟာ ကမ္ဘာပေါ်က နေထိုင်စားရိတ် အကြီးမားဆုံး မြို့တွေထဲ ပါဝင်နေတယ်။မညီမျှမှု ရှိနေခြင်းသက်သက်က လူတန်းစား အသိစိတ်ကို တရှိန်ထိုး ဆွဲမတင်နိုင်ဘူး၊ မညီမျှမှု မြန်မြန်ဆန်ဆန် ကြီးထွားလာခြင်းကသာ လူတန်းစား အသိစိတ်ကို တရှိန်ထိုး ဆွဲတင်ပေးတယ်။ တရုတ်မှာ လူတန်းစား အမျက်ဒေါသတွေ သိသိသာသာ မြင့်မားလာခြင်းမှာ ရေပေါ်ဆီလူတန်းစား အဆမတန် ကြွယ်ဝချမ်းသာလာခြင်းက သမားရိုးကျမဟုတ်တဲ့ မသမာတဲ့ နည်းတွေကြောင့် ရရှိခြင်းဖြစ်တဲ့အပြင် တိုင်းပြည်ရဲ့ ကွန်မြူနစ်စံနှုန်းတွေကို ချိုးဖောက်ပြီး အဂတိလိုက်စားမှုကြောင့် ရလာခြင်းဖြစ်တယ်ဆိုတဲ့ ခံစားချက်တွေ ပြင်းပြင်းထန်ထန် ရှိနေလို့ဖြစ်တယ်။တရုတ်လူငယ်တွေကြားမှာ အင်မတန် ပြင်းထန်တဲ့ သူစိမ်းပြင်ပြင် ကင်းကွာမှု (alienation) ရှိနေပါတယ်။ သူတို့တွေက ဘယ်မှမရောက်နိုင်တဲ့ ပြေးစက်ပေါ် တက်ပြေးနေရသလို ခံစားလာရတယ်၊ တိုးတက်လာပါတယ်ဆိုတဲ့ အရင်းရှင် စီးပွားရေး စနစ်ကပေးတဲ့ ဖိအားတွေကို အလူးအလဲ ခံစားနေရပါတယ်။ ဒီ “ပြေးစက် အကျိုးသက်ရောက်မှု” က အိမ်ရာ ပူဖောင်းပြဿနာနဲ့ ဆက်စပ်နေပါသေးတယ်။ လူတွေကို အလုပ်အကိုင်ရစေတဲ့ အိမ်ခြံမြေ စီးပွားရေး တိုးတက်မှုက အိမ်ရာဈေးတွေကို လူငယ်တွေ လုံးဝ မတတ်နိုင်တဲ့ ပမာဏအထိ မြင့်တက်သွားစေခဲ့တယ်။လူငယ်အများစုက တရုတ်စီးပွားရေးတိုးတက်နေမှုကို ပြည်ချစ်စိတ်နဲ့ ငါတို့တရုတ်ပြည်ကြီးရဲ့ မဟာအောင်မြင်မှုလို့ မမြင်ကြပါဘူး၊ တခြားသူတွေရဲ့ အောင်မြင်မှု တနည်းဆိုရင် အကျင့်ပျက် ရေပေါ်ဆီလူတန်းစားရဲ့ ပိုင်ဆိုင်မှုလို့သာ မြင်ကြပါတယ်။ သူတို့မှာ လူတန်းစား အသိရှိကြပါတယ်၊ ဒါပေမယ့် တရုတ်အစိုးရကတော့ ဒါတွေကို ထုတ်ဖော်ပြောကြားခွင့် မပြုပေ။ ဒီကြားထဲကနေ လူငယ်တွေက တခါတလေ သူတို့မကျေနပ်ချက်တွေကို ဖြစ်တဲ့နည်းနဲ့ ထုတ်ဖော်ပြတတ်ကြတယ်။ဘိုနာပတ်တစ်ဇင်ဒီလိုမကျေနပ်မှုတွေကို အုပ်ချုပ်သူတွေက သတိထားမိလာတဲ့အခါမှာတော့ ရှီက လက်ဝဲယိမ်းသမားလို ပြန်နေပြဖို့ လိုလာပါတော့တယ်။ သပိတ်တွေ၊ ဆန္ဒပြပွဲတွေ ဖြစ်မှာစိုးတာကြောင့် လူချမ်းသာတွေဘက်က ရပ်တည်မယ့်သူ မဟုတ်ကြောင်း သူ့ကိုယ်သူ ကြိုတင်ပုံဖော်ထားပြီး လူထုကို လှည့်စားဖို့ ကြိုးစားပါတော့တယ်။ သာဓက ပြရမယ်ဆိုရင် Evergrande ရဲ့ ပိုင်ရှင်ကို ကုမ္ပဏီအကြွေး တချို့ကို သူ့ပိုင်ဆိုင်မှုထဲက ဖဲ့ဆပ်ဖို့ တိုက်တွန်းလိုက်ခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ဒါပေမဲ့ ချမ်းသာသူတွေအပေါ် တကြိမ်ထိုးနှက်တိုင်း အလွန်အကျွံ လုပ်မှာမဟုတ်ကြောင်း တပါတည်း အာမခံချက်ပေးပြီးသား ဖြစ်တယ်။ ဥပမာအားဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် လက်ထောက်ဝန်ကြီးချုပ် Liu He က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အရေးကြီးကြောင်း ပြောဆိုပြီး အားပေးခဲ့ပါသေးတယ်။ (Economist 2.10.21)ပါတီအနေနဲ့ “အများသာယာဝပြောရေး” (common prosperity) ဆိုတဲ့ ဆောင်ပုဒ်ကို စတင်မိတ်ဆက်ပြီး မကြာခင်မှာပဲ “လူချမ်းသာတွေရဲ့ ပိုင်ဆိုင်မှုကို လုယူခြင်းနည်းနဲ့ အများသာယာဝပြောရေး ရလာမှာမဟုတ်ကြောင်း” ပြောကြားပြီး အရင်းရှင်လူတန်းစားကို စိတ်မပူဖို့ ပါတီက အားပေးခဲ့တယ်။တရုတ်နိုင်ငံအနေနဲ့ အရင်းရှင်စနစ်ကို စတင်ကျင့်သုံးခဲ့တာဟာ ဗျူရိုကရက်အလွှာရဲ့ အာဏာနဲ့ အခွင့်ထူးတွေကို ရေရှည်ထိန်းသိမ်းဖို့သာ ဖြစ်တယ်။ ဒင်ပြည့်ကျပ်ပြည့် အရင်းရှင်စနစ်ဆီ အဆုံးထိ ချီတက်မယ်လို့ သူတို့ မရည်ရွယ်ခဲ့ဘူး၊ ဒါပေမယ့် အခုချိန်မှာ ဆိုရှယ်လစ်စနစ်အတွက် တိုက်ပွဲဝင်ဖို့ စိတ်ကူးမရှိတော့ဘူး။ အရင်းရှင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ၊ သားရေကျလောက်တဲ့ အမြတ်အစွန်းတွေနဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုလာနိုင်ခြင်းက သူတို့ရဲ့ သြဇာအာဏာ နဲ့ ကြွယ်ဝမှုတွေကို ပိုမို အားကောင်းစေတယ်ဆိုတာပဲ ဗျူရိုကရက်တွေ မြင်တော့တယ်။အရင်းရှင်စနစ် ပြန်လည်အသက်သွင်းတဲ့ ဖြစ်စဉ်ကို သူတို့ကြိုးကိုင် စီမံနိုင်မယ်လို့ ဗျူရိုကရက်အလွှာက ယူဆခဲ့တယ်။ တနည်းအားဖြင့် သူတို့စီမံနိုင်ခဲ့တယ်လို့ ဆိုရမယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလို ဗျူရိုကရေစီ ချုပ်ကိုင်မှုနဲ့ အရင်းရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီး တရုတ်ကို အလွန်အင်အားကြီးနိုင်ငံဖြစ်အောင် လုပ်ခဲ့လို့ ဖြစ်ပါတယ်။ဒါပေမယ့်လည်း အင်အားကြီးလှပြီလို့ ထင်ရတဲ့ တရုတ်အစိုးရဟာ အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေက ပိုပြီးအင်အားကြီးနေမှန်း နားလည်လာပါပြီ။ အရင်းရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုက်တဲ့ တရုတ်အစိုးရဟာ ကွန်မြူနစ် ကြေညာစာတမ်းထဲ မာ့(က်စ်)ဖော်ပြခဲ့သလို “မှော်ဂါထာတွေရွတ်ပြီး အောက်လောကသားတွေ ခေါ်လိုက်ပြီးကာမှ သူ့ဇာတ်သူ မနိုင်တော့တဲ့ အောက်လမ်းပယောဂဆရာကြီး”လို ဖြစ်နေတယ်။တရုတ် ကွန်မြူနစ်ပါတီ CCP ကတော့ သူရဲ့တည်မြဲရေးအတွက် နိုင်ငံရေးတည်ငြိမ်မှုတွေကို ပိုမိုအာရုံစိုက်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက အရင်းရှင်စနစ် အကျပ်အတည်းကြောင့် အနောက်နိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်ခဲ့တာကို တရုတ်အစိုးရ မြင်တွေ့ခဲ့ရတယ်၊ ဒီအချက်ကို သတိထားတယ်။ de Tocquville ရေးတဲ့ The Old Regime and the Revolution စာအုပ်က ၂၀၁၅ခုနှစ်မှာ ထိပ်ပိုင်း ပါတီဝင်တွေ ဖတ်ရမယ့် စာအုပ်အဖြစ် ဖြစ်လာခဲ့တယ်။မနှစ်ကလည်း ရှီက တည်ငြိမ်မှုကို ထိန်းဖို့အတွက် မညီမျှမှုတွေကို ဟန့်တားဖို့လိုကြောင်း သတိပေးဖို့ Thomas Piketty ရဲ့ Capital in the 21st Century စာအုပ်ကို အထူးကိုးကားဖော်ပြခဲ့ပါတယ်။၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းကြောင့် အနောက်နိုင်ငံတွေရဲ့ မတည်ငြိမ်မှုကို မြင်တွေ့ခဲ့တဲ့ တရုတ် အစိုးရ ဗျူရိုကရေစီက သူတို့စနစ် တည်ငြိမ်မှုကို ကာကွယ်ဖို့ လက်ဦးမှုယူ ဆောင်ရွက်နိုင်အောင် ကြိုးစားနေကြတယ်။ အရင်းရှင်စနစ်ကို လက်ခံမိပြီဆိုရင် ဒီစနစ်ရဲ့ နိယာမတွေကို လက်ခံရတော့မယ်။ အခြားသော အရင်းရှင် အစိုးရများနည်းတူ ရေရှည်မှာ ပဋိပက္ခတွေကို ပိုဆိုးစေမယ့် နည်းတွေ(ဥပမာ ချေးငွေထုတ်ပေးခြင်း) သုံးပြီးတော့မှပဲ တည်ငြိမ်မှုကို ဆက်ထိန်းနိုင်ပါတယ်။ တစ်နည်းဆိုရသော် အနာဂတ်အတွက် ပိုပြင်းထန်တဲ့ မတည်ငြိမ်မှုတွေ ဖန်တီးပြီး ဖြေရှင်းရတယ်။သူတို့က ကြိုးတန်းပေါ် လမ်းလျှောက်နေကြသူတွေဖြစ်ပြီး ထာဝစဉ် ဟန်ချက်ညီအောင် လျှောက်နိုင်မှာ မဟုတ်ပါဘူး။ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းတွေက တရုတ်နိုင်ငံနောက်ကို ထပ်ကြပ်မကွာ လိုက်နေပါပြီ။ ဒီအကျပ်အတည်းက တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးကို ပြောင်းပစ်လိမ့်မယ်။ တရုတ်နိုင်ငံက ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ရောက်လာပြီး လွန်ခဲ့တဲ့ နှစ် ၃၀ လုံးလုံး ကမ္ဘာ့အရင်းရှင်စနစ်ကြီးကို ထိန်းပေးထားခဲ့ပါတယ်။ အဲဒီလို ထိန်းပေးနိုင်တဲ့ အခြေအနေ အခုမရှိတော့ဘူး။ တရုတ်နိုင်ငံရဲ့ အနာဂတ်ကတော့ အတိတ်ကာလက အခြေအနေနဲ့ တူတော့မှာ မဟုတ်ပါ။ တရုတ်စီးပွားရေး အကျပ်အတည်းက မကြုံစဖူး ပြင်းထန်လာမယ့် လူတန်းစားတိုက်ပွဲခေတ်ကို ချဉ်းနင်းဝင်ရောက်နေပြီဆိုတဲ့ နောက်ထပ် လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ကွန်မြူနစ် ( ၂.၁၀.၂၁)