နယ်ချဲ့စနစ်၊ ပြည်တွင်းစစ်နဲ့ ဆိုရှယ်လစ် တော်လှန်ရေး

၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ကို ကူးပြောင်းသွားခဲ့ပါပြီ။ ၂၀၂၄ တနှစ်လုံးကို ပြန်ကြည့်လိုက်ရင် တကမ္ဘာလုံးမှာ မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေ အမြောက်အများ တွေ့ရလိမ့်မယ်။ ဒီကနေ့ခေတ်က ဆိုဗီယက် ပြိုကျပြီးနောက်ပိုင်း အမေရိကန် တဗိုလ်တည်း ကြီးစိုးနေတဲ့ ကမ္ဘာ့စနစ် ပျက်ယွင်းလာပြီး ကမ္ဘာ့ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ အကြီးအကျယ် ဖြစ်နေတဲ့ ခေတ်။ တက်သစ်စ နယ်ချဲ့ပါဝါတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်က တစတစ အကျဘက် ရောက်လာတဲ့ အမေရိကန် နယ်ချဲ့ကို ပုခုံးချင်း ယှဉ်လာတယ်။

ဒါဟာ ကမ္ဘာ့ နိုင်ငံရေး အကြီးအကျယ် မငြိမ်မသက် ဖြစ်နေရတဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ ဒီပဋိပက္ခက ပြင်းထန်သိပ်သည်းလာတယ်။ လတ်တလောအဆင့်မှာ proxy war တွေအဖြစ် ထိပ်တိုက်တွေ့နေကြပေမယ့် ဒေသကြီးတခုလုံး စစ်မီးတောက်လောက်တဲ့ အဆင့်ကို အချိန်မရွေး ရောက်သွားနိုင်ပါတယ်၊ အဲဒီ အန္တရာယ် အတော်ကြီးပါတယ်။ အရှေ့အလယ်ပိုင်းမှာ အမေရိကန်နဲ့ သူ့မဟာမိတ် အစ္စရေးတို့ရဲ့ ရန်စ စစ်မီးမွှေးတဲ့ လုပ်ရပ်တွေကို ကြည့်လိုက်ရင် အလွန် ထင်ရှားပါတယ်။

ဒါ့ကြောင့် ၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ကို ရောက်သွားပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ပုံမှန် အခြေအနေကို ပြန်မရောက်နိုင်ပါဘူး။ ဒီထက် ပိုပြင်းထန်တဲ့ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေသာ ဆက်တိုက် လာပါလိမ့်မယ်။ ဒါကိုက ‘new normal’ ဖြစ်လာတယ်။

ဒီကနေ့ အခြေအနေကို ပထမ ကမ္ဘာစစ် မတိုင်ခင် နယ်ချဲ့ပါဝါတွေကြား အင်အား ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ ချိန်ထိုးကြည့်လို့ ရနိုင်တယ်။ အရင်းရှင်နယ်ချဲ့ ပါဝါတွေကြားက ဆက်ဆံရေး တင်းမာလာတာ၊ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာတာတွေဟာ အရင်းစစ်လိုက်ရင် အရင်းရှင်စနစ်ရဲ့ အကျပ်အတည်း သိပ်သည်း ပြင်းထန်မှုကနေ လာပါတယ်။ ဒီကနေ့ အရင်းရှင်စနစ်က ‘impasse’ လို့ခေါ်တဲ့ ထွက်ပေါက်မရှိတဲ့ အခြေအနေကို ရောက်နေပြီ။

အဲဒီအခြေအနေ ရောက်လာရင် အရင်းရှင် နိုင်ငံကြီးတွေက သူတို့ပြည်တွင်း အကျပ်အတည်းကို တခြား နိုင်ငံတွေအပေါ် ပုခုံးပြောင်း ပစ်တင်ပေးဖို့ ကြိုးစားလေ့ရှိတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ‘အမေရိကသာ ပထမ’ ပေါ်လစီရဲ့ အနှစ်သာရက အဲဒီသဘောပဲ။ ဒါပေမယ့် ဒီလို လုပ်နေတာ ဒေါ်နယ်ထရမ့် တယောက်တည်း မဟုတ်သလို သူပထမဆုံးလဲ မဟုတ်ပါဘူး။ ‘economic nationalism’ ကို သူ့ရှေ့က ဘိုင်ဒင် အစိုးရလဲ ကျင့်သုံးခဲ့တယ်။ ဥရောပ အရင်းရှင် နိုင်ငံတွေလဲ ကျင့်သုံးနေသလို တရုတ်၊ အိန္ဒိယတို့ကလဲ ကျင့်သုံးပါတယ်။

ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ၁၉၃၀ ခုနှစ်များတဝိုက်က မဟာ စီးပွားပျက်ကပ်ကြီး မဖြစ်ခင် အခုလို ပြည်တွင်း စီးပွားရေး ဦးစားပေး ‘protectionist’ မူဝါဒတွေ အပြိုင်အဆိုင် ကျင့်သုံးခဲ့ကြဖူးတယ်။ ဒီမူဝါဒတွေ ကျင့်သုံးလာပြီး နောက် ဘာဆက်ဖြစ်သွားသလဲ အားလုံး သိပါတယ်။ ဒီတော့ မေးစရာ ရှိလာတာက ဒီကနေ့ ကမ္ဘာ့ အရင်းရှင်စနစ် အကျပ်အတည်းကရော ဘယ်ကို ဦးတည်နေသလဲ။ ဒါလဲ မြင်နေရပြီလို့ ထင်ပါတယ်။ ကမ္ဘာ့ အုပ်စိုးသူ အရင်းရှင် လူတန်းစားက လူသားမျိုးနွယ်တခုလုံးကို ဘာဘရစ်ဇင် ချောက်ထဲ ဆွဲချမယ့် လမ်းကြောင်းအတိုင်း ဦးတည်သွားနေပြီလို့ ဆိုနိုင်တယ်။

ဒီကနေ့ လူ့အဖွဲ့အစည်းကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီး ပိတ်ပင်ထားတဲ့ အခြေခံ အကြောင်းတရား နှစ်ခု ရှိပါတယ်။ ပထမတခုက ‘private property’ လို့ခေါ်တဲ့ ကုန်လုပ်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်ပြုထားခြင်း ဖြစ်ပြီး ဒုတိယတခုက ‘nation state’ လို့ခေါ်တဲ့ အမျိုးသား နိုင်ငံတော် ဖြစ်ပါတယ်။

အရင်းရှင်စနစ်အောက်မှာ အဆမတန် ကြီးထွားဖွံ့ဖြိုးလာတဲ့ ကုန်လုပ်စွမ်းအားစုတွေက အမျိုးသား နိုင်ငံတော် ဆိုတဲ့ နယ်ကျဉ်းကျဉ်းလေးထဲမှာ နေမရတော့လို့ ကမ္ဘာပတ်လာတဲ့ ခေတ်၊ တနည်းဆိုရရင် အရင်းရှင်စနစ်က ကမ္ဘာ့စနစ် ဖြစ်လာတဲ့ ခေတ်ကို ရောက်နေပြီ။ ဒါ့ကြောင့်လဲ အရင်းရှင် နိုင်ငံကြီးတွေက ‘free trade’ ရယ်လို့ ဟစ်ကြွေးပြီး ကမ္ဘာပတ် စီးပွားရေး အင်ပိုင်ယာကြီးတွေ ထူထောင်ခဲ့ကြတယ် မဟုတ်ပါလား။

ဒါပေမယ့် အခု သူတို့ ဘာပြောနေကြသလဲ။ ‘protectionism’ ကိုပဲ ပြောနေကြပြီ။ ကမ္ဘာ့ အင်အားအကြီးဆုံး အမေရိကမှာ isolationist တဦးက သမ္မတ ဖြစ်လာတယ်။ ဒါပေမယ့် ဆင်ကောင်ကြီးကို အပ်နဖားပေါက်ထဲ အတင်းထိုးသွင်းလို့ မရသလို ကမ္ဘာ့ လက္ခဏာဆောင်နေတဲ့ ကုန်လုပ်စွမ်းအားစုတွေကိုလဲ အမျိုးသား နိုင်ငံတော် ဘောင်ထဲ ဇွတ်အတင်း ထိုးသိပ်ထားလို့ မရနိုင်ဘူး။ ဒါ့ကြောင့် ကုန်လုပ်စွမ်းအားစုတွေက ပုဂ္ဂလိက ပိုင်ဆိုင်မှုနဲ့ အမျိုးသား နိုင်ငံတော် ဆိုတဲ့ ချုပ်နှောင်မှုတွေကို တွန်းကန်ဖောက်ထွက်နေမှာပဲ။ ဒါဟာ ဒီကနေ့ ကမ္ဘာ့ အရင်းရှင်စနစ်ရဲ့ အခြေခံ ပဋိပက္ခလဲ ဖြစ်တယ်။

နယ်ချဲ့စနစ်နဲ့ ပြည်တွင်းစစ်

ဒီကနေ့ ကမ္ဘာ့ နယ်ချဲ့နိုင်ငံတွေကြား အင်အား ချိန်ခွင်လျှာ အပြောင်းအလဲကို ပထမ ကမ္ဘာစစ် မတိုင်ခင် အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်လို့ ရနိုင်ကြောင်း အထက်မှာ ဆိုခဲ့တယ်။ အဲသလိုပဲ ဒီကနေ့ အရင်းရှင် နယ်ချဲ့စနစ်ကို နားလည်ချင်ရင် ပထမ ကမ္ဘာစစ်အတွင်းက လီနင် ရေးခဲ့တဲ့ နယ်ချဲ့စနစ် စာအုပ်ကို အသေအချာ လေ့လာထားဖို့ လိုပါတယ်။

အရင်းရှင် နယ်ချဲ့နိုင်ငံတွေက ကမ္ဘာကြီးကို သူတို့ ဩဇာခံ နယ်ပယ်တွေ၊ ဈေးကွက်တွေ၊ ကုန်ကြမ်းရင်းမြစ်တွေ၊ လုပ်သား ရင်းမြစ်တွေ၊ အရင်း တင်ပို့စရာ နယ်မြေတွေအဖြစ် အသီးသီး ခွဲဝေယူကြတယ်။ အဲသလို ခွဲဝေယူတဲ့အခါ ဘယ်အပေါ် အခြေခံပြီး ဝေခြမ်းကြသလဲ။ အရင်းရှင်စနစ်အောက်မှာ စဉ်းစားကြည့်လို့ ရနိုင်တဲ့ အခြေခံ တခုပဲ ရှိတယ်လို့ လီနင်က ရှင်းပြခဲ့တယ်။ အဲဒါကတော့ -

“ပါဝင်ကြသူတွေရဲ့ အင်အား အချိုးအစားပေါ် မူတည်ပြီး ခွဲယူကြခြင်း ဖြစ်တယ်။ သူတို့ရဲ့ အထွေထွေ စီးပွားရေး အင်အား၊ ဘဏ္ဍာရေးနဲ့ စစ်ရေး အင်အား၊ အစရှိတဲ့ အင်အားစုအပေါ် အခြေခံထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲသလို ခွဲဝေယူကြသူတွေရဲ့ အင်အားဟာလဲ တပြေးညီ ဖြစ်ပေါ် ပြောင်းလဲနေတာ မဟုတ်ဘူး။ အကြောင်းကတော့ အရင်းရှင်စနစ်အောက်က အမျိုးမျိုးသော လုပ်ငန်းတွေ၊ လက်ဝါးကြီးအုပ် လုပ်ငန်းစုတွေ၊ စက်မှု နယ်ပယ်တွေ ဒါမှမဟုတ် နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုဟာ ညီတူမျှတူ မဖြစ်နိုင်လို့ပဲ။ […] ငြိမ်းငြိမ်းချမ်းချမ်း မဟာမိတ်ပြုကြတယ်ဆိုတာ လာမယ့် စစ်ပွဲတွေအတွက် ပြင်ဆင်ထားခြင်း ဖြစ်သလို စစ်ပွဲတွေ ဖြစ်ရာက အဲသလို မဟာမိတ်ဖွဲ့မှုတွေ ထွက်ပေါ်လာခြင်းလဲ ဖြစ်တယ်။ တခုက တခုကို ပြုပြင်ဖန်တီးပေးရင်း ငြိမ်းငြိမ်းချမ်းချမ်း တိုက်ပွဲ သဏ္ဍာန်နဲ့ မငြိမ်းချမ်းတဲ့ တိုက်ပွဲ သဏ္ဍာန်တွေကို တလှည့်စီ ထွက်ပေါ်လာစေတယ်။ အဲဒီ တိုက်ပွဲ သဏ္ဍာန်တွေဟာ ကမ္ဘာ့ စီးပွားရေးနဲ့ ကမ္ဘာ့ နိုင်ငံရေးအတွင်း ကူးလူးယှက်နွှယ်နေတဲ့ အရင်းရှင် နယ်ချဲ့ ဆက်ဆံရေး အခြေခံ တခုတည်းအပေါ်ကနေ ထွက်ပေါ်နေခြင်း ဖြစ်တယ်။”

ပထမ ကမ္ဘာစစ် ဖြစ်တော့ လီနင် ဘာလုပ်ခဲ့သလဲ။ ဘာလုပ်နေသလဲ။ ဒိုင်ယာလက်တစ် အဘိဓမ္မာကို လေ့လာနေတယ်လို့ ဖြေရင် ယုံနိုင်ပါ့မလား။ မယုံရင် ကိုယ်တိုင် လေ့လာကြည့်ဖို့သာ တိုက်တွန်းချင်ပါတယ်။ အဲသလို ဒိုင်ယာလက်တစ် အဘိဓမ္မာကို အပတ်တကုတ် လေ့လာပြီး အသုံးချနိုင်ခဲ့လို့သာ ‘Imperialism’ လို ကျမ်းမျိုး ရေးပြီး ကမ္ဘာ့ အရင်းရှင် နယ်ချဲ့စနစ်ကို ခွဲခြမ်းစိတ်ဖြာပြနိုင်ခဲ့ခြင်း ဖြစ်တယ်။ သူနဲ့ခေတ်ပြိုင် နာမည်ကြီး ဆိုရှယ် ဒီမိုကရက်တွေ သူ့လို နားလည်နိုင်စွမ်း မရှိတော့ ဘာဖြစ်သွားခဲ့သလဲ ပြန်ကြည့်ပါ။ ဆိုရှယ် ရှိူဗင်နစ်တွေ ဖြစ်ကုန်တာပဲ။

အဲဒီကာလ လီနင်တို့ ဘော်ရှီဗစ် ကေဒါတွေကြား ချခဲ့တဲ့ လိုင်းက နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ် ပြောင်းပစ်ရေးပဲ။ သာမန်ပြည်သူတွေကြား ဖော်ထုတ်ခဲ့တဲ့ ကြွေးကြော်သံတော့ မဟုတ်ပါဘူး။ ဒါကလဲ အရေးကြီးပါတယ်။ ကိုယ့်တပ်၊ ကိုယ့်ပါတီကို မူပေါ် ကြံ့ကြံ့ခံ ရပ်နိုင်အောင် တည်ဆောက်ရတဲ့ အလုပ်နဲ့ လူထုကြား နိုင်ငံရေး ကြွေးကြော်သံ ထုတ်ဖော်ရတဲ့ အလုပ် ထပ်တူပြုလို့ မရတာတွေ (မရသေးတဲ့ အခိုက်အတန့်တွေ) ရှိပါတယ်။

လီနင် သင်ကြားပြခဲ့သလို အရင်းရှင် နယ်ချဲ့စနစ်ကို နားလည်အောင် မလုပ်နိုင်ရင် ဒီကနေ့ခေတ်မှာလဲ မျက်စိလည်ပါလိမ့်မယ်။ ကျနော်တို့က ယူအက်(စ်)ကို အရင်းရှင် နယ်ချဲ့လို့ပြောရင် လစ်ဘရယ်တွေက မကြိုက်ပေမယ့် လက်ဝဲတွေက လက်ခံနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တရုတ်ကို အရင်းရှင် နယ်ချဲ့လို့ ပြောလိုက်ရင် လက်မခံနိုင်တဲ့ လက်ဝဲ အတော်များများ ရှိလိမ့်မယ်။ လီနင်ဝါဒကို အခြေခံ မကျေသူများလို့ပဲ သက်သက်ညှာညှာ ပြောရမယ် ထင်ပါတယ်။

သဘောတရား ရှုပ်ထွေးမှု၊ မှားယွင်းမှုကြောင့် လက်တွေ့မှာ disaster ဖြစ်ခဲ့ရတဲ့ သမိုင်း သာဓကတွေ များလှပါပြီ။ ကိုယ့်ကြောင့် ထပ်တိုးသွားအောင် မလုပ်မိဖို့ အရေးကြီးပါတယ်။ ဘယ့်လောက် အရေးကြီးသလဲဆို သေရေး ရှင်ရေးတမျှ အရေးကြီးပါတယ်။

ဒီကနေ့ ဗမာ့ နိုင်ငံရေးအပေါ် ဩဇာ ကြီးကြီးမားမား သက်ရောက်နိုင်တဲ့ နယ်ချဲ့ပါဝါက တရုတ်ပဲ ရှိပါတယ်။ အမေရိကန် နယ်ချဲ့ပါဝါက ဗမာ့ နိုင်ငံရေး၊ ဗမာ့ ပြည်တွင်းစစ်အပေါ် အဲ့သလောက် ဩဇာ မလွှမ်းနိုင်ပါဘူး။ ဒါပေမယ့် လက်ဝဲ ဆိုသူတွေကြားမှာ တရုတ်ကို အရင်းရှင် နယ်ချဲ့စနစ်လို့ မမြင်နိုင်လောက်အောင် သဘောတရားရေး ချွတ်ခြုံကျမှု ဖြစ်နေကြတယ်။ တဖက်မှာ အမေရိကန် အရင်းရှင်နယ်ချဲ့ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူကြီးလို့ ထင်နေကြတဲ့ အုပ်စုတွေလဲ မနည်းမနော ရှိနေတယ်။

ဒီအခြေအနေမှာ ဗမာ့ပြည်တွင်းစစ် ‘proxy war’ ဖြစ်သွားမလား ဆိုတဲ့ ပြဿနာ ရှိပါတယ်။ ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ပဲ ပြောရလိမ့်မယ်။ သို့သော် အခု မဖြစ်သေးပါဘူး။ မဖြစ်အောင် ကာကွယ်ဖို့လဲ သေရေး ရှင်ရေးတမျှ အရေးကြီးပါတယ်။ ယူကရိန်းလို ‘proxy war’ မဖြစ်ရကောင်းလား ဆိုပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေသူတွေလဲ မနည်းလှဘူး။ ဒီလို လွဲမှားတဲ့ အယူအဆတွေကို ပြတ်ပြတ်သားသား ဖွင့်ချတိုက်ထုတ်ကြဖို့ လိုပါတယ်။

ဗမာ့ ပြည်တွင်းစစ်ကို ဆီးရီးယားလို ဖြစ်သွားမယ်လို့ ပြောရင် ရန်သူလို မြင်ရာကနေ အခု ဆီးရီးယားမှာ ဘာရှာ အာဆတ် ပြုတ်ကျသွားတော့ ဆီးရီးယားကို အားကျတယ် ဆိုတာမျိုး၊ ဆီးရီးယားလို အခွင့်အခါကောင်းကို အမိအရ အသုံးချတတ်ဖို့ သင်ယူရမယ် ဆိုတာမျိုး ပြောလာကြပြန်ပြီ။

ဒါတွေကလဲ အရင်းရှင် နယ်ချဲ့စနစ် အကြောင်း မသိနားမလည်ရာက ထွက်ပေါ်လာတဲ့ အမြင်လွဲမှားမှုတွေပဲ။ အရင်းရှင် နယ်ချဲ့ပါဝါတွေ ဝင်မွှေလို့ ဆီးရီးယား နိုင်ငံ ဖွတ်ဖွတ်ညက်ညက် ကျေခဲ့ရတာ နားလည်ထားဖို့ လိုပါတယ်။ ဗမာ့ ပြည်တွင်းစစ်မှာသာ အရင်းရှင် နယ်ချဲ့ပါဝါတွေ ဝင်မွှေတဲ့ အခြေအနေ ရောက်သွားရင် ဆီးရီးယားလို ဖြစ်မှာပဲ။ ဒီအန္တရာယ်ကို ပေါ့ပေါ့လေး သဘောထားလို့ မဖြစ်ပါဘူး။

ဒါ့ကြောင့် ဗမာ့ နိုင်ငံရေးအကြောင်း ပြောတဲ့အခါ ပြည်တွင်းရေးသက်သက်လေး ကွက်ပြောလို့ မရပါဘူး။ ‘bigger picture’ ကို နားလည်ထားဖို့ အရေးကြီးလာတယ်။ ဗမာပြည် အရင်းရှင်စနစ်ဟာ သီးခြားဖြစ်တည်နေတဲ့ စစ်ဗျူရိုကရက် အရင်းရှင်စနစ် မဟုတ်ဘူး၊ ကမ္ဘာ့ အရင်းရှင်စနစ် ချိန်းကြိုးကြီးရဲ့ ‘integral part’ ဖြစ်တယ် ဆိုတာ အမြင်ရှင်းနေဖို့ လိုပါတယ်။ ဒါမှသာ ဗမာပြည် လူထု လွတ်မြောက်ရေး တိုက်ပွဲ (တိတိကျကျ ဆိုရရင်) ဗမာပြည် ဆိုရှယ်လစ် တော်လှန်ရေးဟာ ကမ္ဘာ့ တော်လှန်ရေးရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ကြောင်း နားလည်နိုင်မယ်။

ဒါ့ကြောင့် ဒီနှစ် ဆောင်းဥတု issue မှာ တရုတ် အရင်းရှင် အစိုးရရဲ့ ဗမာပြည်ဆိုင်ရာ နယ်ချဲ့ ပေါ်လစီအကြောင်း ဝေဖန်ချက် ဆောင်းပါးကို အထူး ထည့်သွင်း ဖော်ပြထားပါတယ်။ ဒီဆောင်းပါးကို ရေးသားပြီး နောက်ပိုင်း အလျှင်အမြန် ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။

ဥပမာ ပြောရရင် အဲဒီတုန်းက ကိုးကန့်တပ်နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ အပစ်ရပ်ရေး သဘောတူညီချက် (ဇန်နဝါရီ၊ ၂၀၂၅) ထွက်မလာသေးဘူး။ အေအေက အမ်း အခြေစိုက် စစ်ဌာနချုပ်ကို မသိမ်းရသေးဘူး။ ဒီဆောင်းပါး ရေးစဉ်က အဲသလို ဖြစ်ရပ် အချက်အလက်တွေ မရှိသေးပေမယ့် ဆောင်းပါးရဲ့ အဓိက အာဘော်က လက်ရှိ အခြေအနေကို မှန်မှန်ကန်ကန် ထင်ဟပ်ပြနိုင်တုန်းပဲလို့ ယူဆပါတယ်။ ဟုတ် မဟုတ်တော့ စာဖတ်သူများ ကိုယ်တိုင် ချင့်ချိန် သုံးသပ်ကြည့်ပါလေ။

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ရှိ အခြေအနေ

အားလုံး သိပြီးသား ဖြစ်သလို ထင်သာမြင်သာတဲ့ အချက်ကနေပဲ စကြည့်ရအောင်။ အာဏာသိမ်း စစ်တပ်ဟာ အကြီးအကျယ် စစ်ရေး ရှုံးနိမ့်နေတယ်။ ၂၀၂၄ တနှစ်တည်းမှာတင် စစ်တိုင်းကြီး နှစ်ခု ဆုံးရှုံးထားတယ်။ မအလ စစ်တပ်အဖို့ မကြုံဖူးသေးတဲ့ အရေးနိမ့်မှုကြီးတွေ ဖြစ်တယ်။ ဒါ့ကြောင့်လဲ သူတို့စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာ ပြိုလဲမှုတွေ ဖြစ်ပေါ်လာတာပဲ။ ဘယ်သူမှ စိတ်ပါလက်ပါ မတိုက်လိုတော့ဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့တော့ ဘူးလေးရာ ဖရုံဆင့် ဆိုသလို အိုင်စီစီ ဖမ်းဝရမ်းကလဲ ထွက်ပေါ်လာအံ့ဆဲဆဲ အခြေအနေ။ ဗိုလ်မင်းအောင်လှိုင်ရဲ့ လက်အောက်ငယ်သားတွေ နေရာက ကြည့်မယ်ဆိုရင် သူတို့ စစ်ခေါင်းဆောင်ဟာ မရှက်မကြောက် အာဏာသိမ်းထားသူ၊ စစ်ခေါင်းဆောင် အဆက်ဆက် မကြုံဖူးခဲ့တဲ့ စစ်ရှုံးမှုတွေ ရင်ဆိုင်နေရသူ ဖြစ်ရုံသာမက လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အိုင်စီစီ ဖမ်းဝရမ်းထုတ်ခံထားရသူပါ ဖြစ်နေတယ်ဆိုရင် ဘယ့်လောက်တောင် အရှက်ရဖို့ ကောင်းလိုက်မလဲ (ရှက်တယ်မယ်ဆိုရင်)။ ခပ်တိုတို ပြောရရင် ဒီအချက်က “demoralizing effects” အလွန်ကြီးပါတယ်။

တချိန်တည်းမှာ ဒီအကြောင်းအချက်တွေ ပေါင်းဆုံပြီး စစ်တပ် ထိပ်သီးတွေကြား အကျပ်အတည်းနဲ့ အာဏာလွန်ဆွဲပွဲ ပိုပြင်းထန်လာနိုင်တယ်။ အုပ်စိုးသူ လူတန်းစား ထိပ်ပိုင်းက အက်ကွဲကြောင်းဟာ အုပ်စိုးခံ လူထုကြီးရဲ့ မကျေနပ်ချက်တွေ ဖွင့်ထုတ် ဖောက်ခွဲထွက်စရာ အဟအပြဲ ဖြစ်သွားနိုင်တယ်။ ဖြစ်စရာ ရေခံမြေခံ အကြောင်းအချက်တွေကလဲ ရေးပြလို့ မကုန်အောင် ရှိနေပြီးသား။ ဒီတော့ နမူနာလောက်ပဲ အနှစ်ချုပ် ရေးပြပါရစေ။

စစ်ရှုံးပြီး စစ်သားသစ် စုဆောင်းမရ ဖြစ်နေတဲ့ အာဏာသိမ်း စစ်တပ်က အရပ်သား ပြည်သူတွေကို အတင်းအဓမ္မ စစ်ထဲဆွဲသွင်းလို့ရအောင် စစ်မှု မထမ်းမနေရ ‘ဥပဒေ’ ဆိုတာကို အကောင်အထည်ဖော်တယ်။ ဒါပေမယ့် လက်တွေ့မှာ ထင်သလောက် ခရီးမပေါက်တော့ ‘ဥပဒေ’ မျက်နှာဖုံးကို ချွတ်ချပြီး ဗြောင်ပဲ ပေါ်တာဆွဲတော့တယ်။ လက်ရှိအချိန်မှာ လူတွေကို ‘terrorize’ လုပ်ထားသလို ဖြစ်နေပေမယ့် ဒီလုပ်ရပ်က သူ့သေတွင်းသူ တူးနေတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။

ဒါဟာ အကောင်းမြင်လွန်းပြီး ပြောနေတာ မဟုတ်ဘူး။ လက်တွေ့ ဥပမာ တခုပဲ ပြပါမယ်။ စစ်ရှုံးနေတဲ့ ယူကရိန်း အစိုးရက လူငယ်တွေကို အတင်းအဓမ္မ စစ်ထဲ ဆွဲသွင်းတယ်။ စစ်သင်တန်းလဲ ကောင်းကောင်း မပေးနိုင်ဘူး။ စစ်မှုထမ်း ခေါ်ပြီး မကြာခင် ရှေ့တန်း ပို့ပစ်တယ်။ အမေရိကန်နဲ့ နေတိုး စစ်အုပ်စုက ယူကရိန်းကို ခေတ်မီ လက်နက်တွေ ထောက်ပံ့ပေးကြတယ်၊ ဒါပေမယ့် အဲသလို အတင်းအဓမ္မနည်းနဲ့ ရှေ့တန်းပို့ခံရသူတွေက ဘယ် သုံးတတ်မလဲ။ ဒီတော့ သေလိုက်ကြတာ သောက်သောက်လဲပေါ့။

အာဏာသိမ်း စစ်တပ်ထဲမှာ နှစ်ရှည်လများ ဦးနှောက်ဆေးခံထားရသူတွေတောင် ဘီလျံနာ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် အသေခံ တိုက်လိုစိတ် မရှိဘူးဆိုရင် ပေါ်တာဆွဲပြီး ရှေ့တန်းပို့ခံရတဲ့ အရပ်သား လူငယ်တွေက ပိုဆိုးတာပေါ့။ ဘာအတွက် သူတို့ အသေခံ တိုက်ရမှာလဲ။ ဒီလို တိုက်လိုခိုက်လိုစိတ် မရှိသူတွေကို အတင်းအဓမ္မ ရှေ့တန်းပို့ပြီး အသေခံခိုင်းရုံနဲ့ မင်းအောင်လှိုင် စစ်အာဏာ ပလ္လင် မတည်မြဲနိုင်ပါဘူး။ ဒါ့ကြောင့် သူ့သေတွင်းသူ တူးနေတာနဲ့ အတူတူပဲလို့ ပြောခဲ့ခြင်း ဖြစ်တယ်။

အာဏာသိမ်း စစ်ကောင်စီကို အဖိနှိပ်ခံ လူထုကြီးက မကျေနပ်တာ၊ မုန်းတီးစက်ဆုပ်တာကိုတော့ အထူးပြောစရာ မလိုပါဘူး။ တကယ်တော့ သူတို့စစ်အုပ်စုဝင် အချင်းချင်းကတောင် မကျေနပ်ကြပါဘူး။ ဒါ့ကြောင့်လဲ ဗိုလ်မင်းအောင်လှိုင်က ထိပ်သီးနေရာတွေကို သူ့လူယုံတွေနဲ့ ရာထူးလဲတာတွေ ခဏခဏ လုပ်နေတာပဲ။ အရင်းရှင် လူတန်းစား အသိုင်းအဝိုင်းကလဲ မကြိုက်ပါဘူး။ သူတို့လဲ တည်ငြိမ်တဲ့ ရပ်ဝန်းမှာ လျှပ်စစ်မီး မှန်မှန်လေးနဲ့ သွေးစုပ်ရေး လုပ်ငန်းတွေ အေးအေးလေး လုပ်ချင်ကြတာပဲ။

မန်းလေပြဲလေ ဆိုတဲ့ စကားပုံလိုပဲ ဗိုလ်မင်းအောင်တို့ စစ်အာဏာရှင်တွေ ဝင်ခြယ်လှယ်လေ ဗမာပြည် အရင်းရှင် စနစ်လဲ ​အကျပ်အတည်း ပိုပြင်းထန်လေ ဖြစ်နေပြီ။ ငတ်မွတ်ခေါင်းပါးသူ၊ ဆင်းရဲမွဲတေသူ၊ တောင်းစားရသူ၊ ပြည့်တန်ဆာဘဝ ရောက်သွားသူတွေ တနေ့တခြား တိုးပွားလာခြင်းက တိုင်းပြည် စီးပွားရေး ဘယ့်လောက် ကျန်းမာနေသလဲ ဖော်ပြနေတဲ့ ညွှန်းကိန်းတွေပါပဲ။ ကုန်ဈေးနှုန်းကို သေနတ်ဖောက်ပြီး ဝင်ထိန်းပေမယ့် မရပါဘူး။

ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ ထုတ်ရောင်းပြီး ထိန်းပေမယ့် ငွေကြေးဖောင်းပွမှုက လျော့မသွားဘူး။ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်လပ်မှုကိုလဲ မဖြေရှင်းနိုင်ပါဘူး။ ဒါ့အပြင် ခေတ်ပျက်မှာ ဈေးကစားတဲ့ ‘speculator’ တွေလဲ လျော့မသွားပါဘူး။ စစ်ပြေးတွေ တနေ့တခြား တိုးလာတဲ့ ရန်ကုန်မှာ အိမ်ခြံမြေဈေးတွေ တနေ့တခြား ခုန်တက်နေခြင်းက ဒီအချက်ကို သက်သေခံပါတယ်။

ဒီတော့ ချုပ်ကြည့်လိုက်ရင် ပြည်တွင်းစစ် တိုက်ရင်း ဓားမိုး အုပ်စိုးနေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ကြာကြာခံဖို့ အလားအလာ မရှိပါဘူး။ သို့သော် နေ့ချင်းညချင်း ပြိုဆင်းသွားမယ်လို့ မျှော်လင့်နေလို့လဲ မဖြစ်ဘူး။ အဲသလို ပြိုကျသွားနိုင်ချေ ရှိတယ် ဆိုရင်တောင် စိတ်ကူးယဉ် စောင့်စားနေလို့ မရပါဘူး။ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာ တည်မြဲရေးအတွက် ဘာမဆို လုပ်ရဲတယ်လို့ မျက်နှာပြောင်တိုက် ပြောရဲသလို လက်တွေ့မှာလဲ မိုက်မိုက်ကန်းကန်း လုပ်ခဲ့၊ လုပ်ဆဲ ဖြစ်ပါတယ်။

ဒီကနေ့ လိုအပ်ချက်

ဒါ့ကြောင့် အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ အထွေထွေ လူထု သပိတ်ကြီး နောက်တချီ ထပ်ဆင်နွှဲဖို့ အပူတပြင်း လိုအပ်နေတယ်။ ဟုတ်ပါတယ်။ ဒီကနေ့ခေတ်မှာ ဒီစကားကိုပြောရင် အထူးအဆန်း ဖြစ်ကုန်တယ်။ အေအက်(စ်) လမ်းကြောင်းပေါ် သွားနေတဲ့ အဖွဲ့အစည်းတချို့က အောင်မြင်မှု ကြီးကြီးမားမား ရရှိထားချိန် မဟုတ်လား။

ဒါပေမယ့် တဖက်မှာလဲ လက်ငင်း အောင်မြင်မှု ကြီးကြီးမားမား ရရှိထားတဲ့ အေအက်(စ်) အဖွဲ့တွေကိုယ်တိုင် တရုတ် အရင်းရှင်နယ်ချဲ့ အစိုးရရဲ့ ဖိအား၊ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း ထိုးစစ် ဖိအားတွေကြောင့် အပစ်ရပ်ရေး သဘောတူညီချက် ယူလိုက်ရတာတွေ ရှိနေပြီ။ ဒါဟာ အေအက်(စ်) လမ်းကြောင်းရဲ့ အကန့်အသတ်၊ အေအက်(စ်) လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ‘Achilles heel’ ကို လှစ်ဟပြလိုက်သလိုပဲ။

ဒါ့ကြောင့် အေအက်(စ်) တခုတည်းကိုပဲ စိတ်ကူးယဉ် အားကိုးနေလို့ မရဘူး။ ဒီလို ပြောရင် မကြိုက်ချင်ကြဘူး။ ဒီတော့ အခြေခံကျတဲ့ မေးခွန်းကိုပဲ ပြန်မေးရလိမ့်မယ်။ အရင်းရှင် လူ့အဖွဲ့အစည်းကို အခြေအမြစ်ကနေ ပြောင်းလဲပစ်မယ့် ဆိုရှယ်လစ် တော်လှန်ရေးကို ဘယ် လူမှု အင်အားစုက ဦးဆောင်နိုင်မလဲ။ ဟုတ်ပါတယ်။ ဆိုရှယ်လစ် တော်လှန်ရေးကသာ ဒီကနေ့ လူ့အဖွဲ့အစည်းကို အခြေအမြစ်ကနေ ပြောင်းလဲပစ်နိုင်မှာ ဖြစ်တယ်။ အာဏာသိမ်း စစ်ကောင်စီကို ဖယ်ရှားပြီး ခြေဥအသစ်နဲ့ လစ်ဘရယ် အစိုးရတရပ် တက်လာရုံ ဆိုရင် ဒီမိုကရေစီ တော်လှန်ရေးပဲ ဖြစ်ပါလိမ့်မယ်၊ လူ့အဖွဲ့အစည်းကို အခြေအမြစ်ကနေ ပြောင်းလဲပစ်နိုင်မယ့် တော်လှန်ရေးတော့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ဆိုရှယ်လစ် တော်လှန်ရေးလို့ တိတိကျကျ သုံးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီစကားလုံးကို ကြားရုံနဲ့ တီကို ဆားနဲ့တို့လိုက်သလို ဖြစ်သွားသူတွေအတွက်တော့ စိတ်မကောင်းပါဘူး။

ဒီတော့ အထက်ပါ မေးခွန်းကို ရိုးရိုးသားသားနဲ့ ရဲရဲဝံ့ဝံ့ ဖြေနိုင်ဖို့ ကြိုးစားကြည့်ပါ။ ခေတ်သစ် အလုပ်သမား လူတန်းစားကလွဲလို့ ဆိုရှယ်လစ် တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့ အခြား လူမှု အင်အားစု ရှိပါသလား။ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကတော့ မရှိဘူးလို့ တိတိကျကျ ပြောပါတယ်။ ဒါပေမယ့် ဒီကနေ့အချိန်မှာ အကြောင်း အမျိုးမျိုးကြောင့် အလုပ်သမား လူတန်းစားက ခေါင်းဆောင်မှုနေရာမှာ မရှိဘဲ ပက်တီး ဘူဇွာ လူတန်းစားထဲက အလွှာတချို့က ခေါင်းဆောင်မှု နေရာ ရထားတယ်။ ဒါဟာ ဒီကနေ့ တော်လှန်ရေးရဲ့ အဓိက ပျော့ကွက်ပဲ။

တိတိကျကျ ပြောရရင် အလုပ်သမား လူတန်းစားက ခေါင်းဆောင်မှု နေရာမှာ မရှိရုံသာမက ချောင်ထိုးခံထားရတဲ့ အခြေအနေ ဖြစ်တယ်။ ဒါ့ကြောင့် အလုပ်သမား လူတန်းစားရဲ့ သမိုင်းဆိုင်ရာ အခန်းကဏ္ဍကို ပြန်ဖော်ထုတ်ဖို့ အရေးပေါ် လိုအပ်နေပြီ။ ဒါမှသာ အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ ဆိုရှယ်လစ် တော်လှန်ရေးတရပ် ဖြစ်ပေါ်နိုင်မယ်။ ဒီအတွက် ရှေးရှုပြီး အလုပ်လုပ်မယ့် တော်လှန်သော မာ့(က်စ်)ဝါဒလက်နက် တပ်ဆင်ထားတဲ့ ကေဒါ အဖွဲ့အစည်း တည်ဆောက်ရေးဟာလဲ အရေးကြီး လိုအပ်ချက်တခု ဖြစ်လာတယ်။

  • Down with the military regime!
  • Fight for Socialist Revolution!
  • Fight for a Bolshevik cadre organization!

စာပြီးရက်စွဲ - ၂၂ရက်၊ ဇန်နဝါရီ၊ ၂၀၂၅

Join us

If you want more information about joining the RCI, fill in this form. We will get back to you as soon as possible.