‘ဆိုရှယ်လစ်စနစ်လား၊ အရင်းရှင်စနစ် ဘာဘရစ်ဇင်လား’

အိုမင်းရင့်ရော်ပြီး ပျက်ကပ်ဆိုက်နေတဲ့ အရင်းရှင်စနစ်ဟာ သူနေရမယ့် သက်တမ်းကို ကျော်လွန်နေတာ ကြာခဲ့ပြီ။ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့် ဖြစ်သော နယ်ချဲ့စနစ်ခေတ်မှာ နယ်ချဲ့စစ်၊ ပြည်တွင်းစစ်၊​ ငတ်မွတ်ခေါင်းပါးမှုနဲ့ မရေမတွက်နိုင်သော အနိဋ္ဌာရုံတွေကိုပဲ မွေးထုတ်ပေးတယ်။ အစ္စရေး နိုင်ငံတော်က ပါလက်စတိုင်း ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲကြီးဟာ အရင်းရှင် နယ်ချဲ့စနစ်ရဲ့ အထင်ရှားဆုံး ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်ပါတယ်။ 

အသက်တချောင်းအတွက် အသက်တချောင်း?

“မျက်လုံးတလုံးအတွက် မျက်လုံးတလုံး၊​ သွားတချောင်းအတွက် သွားတချောင်း၊​ အသက်တချောင်းအတွက် အသက်တချောင်း”လို့ သမ္မာကျမ်းစာမှာ ဆိုထားတယ်။ ဘန်ဂျမင် နတန်ညာဟု ခေါင်းဆောင်တဲ့ အစ္စရေး နိုင်ငံတော်ရဲ့ ရာဇဝတ်မှုတွေကို ဆန်းစစ်ကြည့်လိုက်ရင် “အသက်တချောင်းအတွက် အသက်တချောင်း” ဆိုတာ မမှန်ဘူး၊ အစ္စရေး နိုင်ငံသား တယောက်သေတိုင်း ပါလက်စတိုင်း ပြည်သူ (ယောက်ျား၊ မိန်းမ၊ ကလေး အားလုံး) ရာထောင်ချီ အသတ်ခံရတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၇ ကစလို့ ပါလက်စတိုင်း ပြည်သူ ၄၀၁၃၀ ကျော် အသတ်ခံထားရပြီးပြီ။ 

ဝမ်းနည်းဖွယ် ဒီအချက်အလက်တွေ အများသိပြီးဖြစ်လို့ ထပ်ရေးမပြလိုပါ။ ဒါပေမယ့် အနောက် အရင်းရှင် နယ်ချဲ့ လက်ဝေခံ မီဒီယာတွေက ဒီအချက်အလက်တွေကို သတင်းအဖြစ် တင်ဆက်တဲ့အခါ ‘ဟားမတ်(စ်)တွေ ထိန်းချုပ်ထားသော ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ’ လို့ စကားခံပြီး ပြောလေ့ရှိတယ်။ ဒီလို ပြောလိုက်ခြင်းအားဖြင့် သေဆုံး စာရင်းတွေရဲ့ တိကျမှန်ကန်မှုကို သံသယ ဝင်သွားစေတယ်၊ စစ်ဖြစ်နေတဲ့ ဘက်နှစ်ဘက်က တဖက်ရန်သူကို အပြစ်ဖို့လို့ ကောင်းအောင် သေဆုံးစာရင်းတွေ မဟုတ်မမှန် လုပ်ကြံလေ့ရှိတာပဲလို့ ထင်မြင် ယူဆသွားစေတယ်။ တကယ်တော့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြထားတဲ့ သေဆုံး စာရင်းတွေဟာ ဖောင်းပွခြင်း မရှိရုံသာမက ကုလ ကယ်ဆယ်ရေး ဝန်ထမ်းတွေ သီးခြား ကောက်ယူထားတဲ့ စာရင်းတွေထက်တောင် လျော့နည်းနေတာ တွေ့ရတယ်။

အခုပြောခဲ့တဲ့ သေဆုံးစာရင်းတွေဟာ အတည်ပြုလို့ ရသလောက်ပဲ ရှိပါသေးတယ်။ တကယ့် လက်တွေ့မှာ ဒီထက် အဆမတန် များပါတယ်။ ဟားမတ်(စ်)တွေဘက်က ဒီလို ပြောထားတာ မဟုတ်ဘူး၊ ဩဇာတိက္ကမ ကြီးမားတဲ့ ဆေးပညာ ဂျာနယ် ‘The Lancet’ မှာ အဲသလို ဖော်ပြထားခြင်း ဖြစ်တယ်။

အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ရှိတဲ့ အဆောက်အဦ ၅၆% ကျော်ဟာ အုတ်ကျိုးအုတ်ပဲ့ ဘဝ ရောက်သွားခဲ့ပြီ။ ပြိုကျပျက်စီးသွားတဲ့ ဒီအုတ်ပုံတွေအောက်မှာ မဖော်ထုတ်နိုင်သေးတဲ့ အလောင်းတွေ ၁၀၀၀၀ ကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတယ်။ ပါလက်စတိုင်း ပြည်သူတွေမှာ ရှိတဲ့ ကိရိယာ တန်ဆာပလာတွေနဲ့သာ ဒီအလောင်းတွေကို ဖော်ယူရရင် သုံးနှစ် ကြာသွားလိမ့်မယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် ပါလက်စတိုင်း ကလေးငယ် ၂၀၀၀၀ ကျော် ‘ပျောက်ဆုံး’နေတယ်။ ဘီဘီစီ၊​ ဗွီအိုအေ၊ ခေတ်သစ်၊​ ဧရာဝတီ၊ မြန်မာနောင်း၊ အစရှိတဲ့ မီဒီယာတွေမှာ ဒီသတင်းတွေ ဘာ့ကြောင့် မဖော်ပြပါသလဲ။ 

ဒါတင် မကသေးဘူး။ အစ္စရေး နိုင်ငံတော်ရဲ့ သားသတ်ပွဲ စစ်ဆင်ရေးကြီးကြောင့် ‘တိုက်ရိုက်’ သေဆုံးသွားတဲ့ လူဦးရေထက် ‘သွယ်ဝိုက်’ သေဆုံးသွားနိုင်တဲ့ လူဦးရေက ‘၃ ဆကနေ ၁၅ ဆ’ အထိ ရှိနိုင်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေခံ အဆောက်အဦတွေ ဖျက်စီးခံရတယ်၊​ အစာရေစာ၊ နေစရာ ဆိုးဆိုးဝါးဝါး ပြတ်လပ်နေတယ်၊ အစ္စရေးဘက်က တမင်တကာ ဖြတ်တောက်ထားတယ်။ လွတ်ရာ ပြေးလို့ မရဘူး။ ပြေးတဲ့ နေရာ လိုက်သတ်တယ်။ လူသားချင်းစာနာမှု အကူအညီတွေ မပေးနိုင်အောင် ပိတ်ပင်တားဆီးတယ်၊ ရံပုံငွေ ဖြတ်တောက်တယ်။ ရေးပြရရင် ဆုံးမယ် မထင်။ အဲဒီလို အကြောင်းတရားတွေကြောင့် သွယ်ဝိုက် သေဆုံးနိုင်သော လူဦးရေကို လျှော့လျှော့ပေါ့ပေါ့ တွက်ရင်တောင် ၁၈၆၀၀၀ ကျော်သွားနိုင်တယ်လို့ ‘The Lancet’ မှာ ဖော်ပြထားတဲ့ ဆောင်းပါးက ဆိုပါတယ်။ 

ဒါကိုမှ ဂျီနိုဆိုက် မခေါ်ရင် ဘယ်လို ခေါ်ရမလဲ။ အစ္စရေး နိုင်ငံတော်ရဲ့ ဂျီနိုဆိုက် စစ်ပွဲကို အမေရိကန် ခေါင်းဆောင်တဲ့ အရင်းရှင် နယ်ချဲ့ ပါဝါတွေက အင်တိုက်အားတိုက် ထောက်ပံ့ပေးထားတယ်။ နတန်ညာဟာ အစိုးရကို ဒေါ်လာ ဘီလျံပေါင်းများစွာ ပံ့ပိုးပြီး ပါလက်စတိုင်း ပြည်သူတွေရဲ့ ဒုက္ခကို မိကျောင်း မျက်ရည် ကျပြတယ်။ 

ဂျီနိုဆိုက် စွပ်စွဲချက် တင်ခံထားရတဲ့ မင်းအောင်လှိုင်ဟာ မိုက်မိုက်ကန်းကန်းနဲ့ စစ်အာဏာသိမ်းပြီး ပြည်သူကို ရက်ရက်စက်စက် ချေမှုန်း သတ်ဖြတ်နေသလိုပဲ စစ်မိစ္ဆာ နတန်ညာဟု အနေနဲ့လဲ ဒီစစ်ပွဲကို ရပ်လိုက်လို့ မရဘူး။ သူ့နိုင်ငံရေး ဘဝ ကြမ္မာနဲ့ ဆက်စပ်နေတယ်။ သူသာ နိုင်ငံရေး အာဏာ ပလ္လင်ပေါ်က ဆင်းသွားရရင် ထောင်နှစ်ရှည်ကျဖို့ သေချာသလောက်ပဲ။ ဒါ့ကြောင့် စစ်ကို ဆွဲဆန့်နေတယ်။ 

မေ ၃၁ မှာ ဘိုင်ဒင် အစိုးရဘက်က အပစ်ရပ်ရေး အစီအမံ မူကြမ်းတခု ကြေညာခဲ့တယ်။ ဟားမတ်(စ်)ဘက်က သဘောတူခဲ့တယ်။ စစ်ကို ဆွဲဆန့်လိုတဲ့ နတန်ညာဟုဘက်က နောက်ထပ် တောင်းဆိုချက်တွေ တမျိုးပြီးတမျိုး ထပ်ဖြည့်ခိုင်းပြီး စေ့စပ်ညှိနှိုင်းမှုကို ဖျက်ပစ်တယ်။ နောက်ဆုံး ဟားမတ်(စ်)ဘက်က စေ့စပ်ညှိနှိုင်းရေး ခေါင်းဆောင် Ismail Haniyeh ကို အီရန်မှာ ရောက်နေချိန် အစ္စရေး အစိုးရဘက်က သတ်ပစ်ခဲ့တယ်။ 

အလားတူပဲ၊ ဘေရွတ်(ထ်)မှာ ရှိနေတဲ့ ဟစ်(ဇ်)ဘိုလာ ခေါင်းဆောင် Fuad Shukr ကိုလဲ အစ္စရေးဘက်က လေကြောင်းကနေ လုပ်ကြံသတ်ဖြတ်ပစ်ခဲ့တယ်။ ဒါတွေဟာ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ပျက်စီးသွားအောင် အစ္စရေး အစိုးရဘက်က တမင်ဖျက်ပစ်တဲ့ လုပ်ရပ်တွေပဲ။ ဒါ့အပြင် အရှေ့အလယ်ပိုင်း တခုလုံး စစ်မီး တောက်လောင်သွားအောင် ရန်စတဲ့ လုပ်ရပ်တွေလဲ ဖြစ်တယ်။ အီရန်သာ စစ်ထဲပါလာရင် အမေရိကလဲ တိုက်ရိုက် ဝင်ပါလာမယ်။ အဲဒါ အာဏာ လက်မလွှတ်လိုတဲ့ နတန်ညာဟုရဲ့ စစ်သွေးကြွ အစီအမံပဲ။ 

နတန်ညာဟု ပလ္လင်ကို ကိုင်လှုပ်လိုက်တဲ့ အထွေထွေ သပိတ်

စစ်မီးသာ ပါလက်စတိုင်း နယ်မြေကို ကျော်လွန်ပြီး အရှေ့အလယ်ပိုင်း ဒေသကို ကူးစက် တောက်လောင်သွားရင် တကမ္ဘာလုံးကို အကြီးအကျယ် ရိုက်ခတ်သွားလိမ့်မယ်။ ယူကရိန်း စစ်ရဲ့ ရိုက်ခတ်မှုဆိုတာ ပမွှားလောက်ပဲ ဖြစ်သွားမယ်။ အမေရိကန် နယ်ချဲ့ အစိုးရအနေနဲ့ နတန်ညာဟုကို ကိုင်ချင်ရင် စစ်ရေး၊ ငွေကြေး အကူအညီတွေ ချက်ချင်း ဖြတ်တောက်လိုက်ရုံပဲ ရှိပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရ တပြားမှ မဖြတ်ပါဘူး။ စစ်မီးကို လောင်စာဆီ ထပ်လောင်းတာပဲ လုပ်တယ်။ 

စစ်ပွဲတပွဲ စဖြစ်ပြီဆိုရင် မျိုးချစ်ဝါဒ၊ လူမျိုးကြီးဝါဒ ကြွေးကြော်သံတွေကို လူအများ နားယောင်လေ့ရှိတယ်။ ယူကရိန်း စစ်ကို ကြည့်မလား၊​ ဂါဇာ စစ်ပွဲကို ကြည့်မလား။ အဲသလို war hysteria ထနေတဲ့ အစောပိုင်း ကာလကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ လူတွေရဲ့ အသိစိတ်ဟာ တဟုန်ထိုး ပြောင်းလဲသွားတာ တွေ့ရလိမ့်မယ်။ ဘဝက အသိကို ပြဋ္ဌာန်းတယ်လို့ ကား(လ်)မာ့(က်စ်) ပြောခဲ့တယ် မဟုတ်ပါလား။ ဖြစ်ရပ်တွေက လူတွေရဲ့ အသိစိတ်ကို ဆွဲကိုင်လှုပ်ရမ်းပစ်လိုက်တယ်။ အုပ်စိုးသူတွေ ဝါဒဖြန့်သမျှ နားမယောင်တော့ဘူး။ ဒါ့ကြောင့်ပဲ အစ္စရေး အဖိနှိပ်ခံ လူထုက ဓားစာခံ (၆) ဦး အသတ်ခံရတာကို နတန်ညာဟု မှာပဲ တာဝန်ရှိတယ်လို့ မှန်မှန်ကန်ကန် ကောက်ချက်ဆွဲကြတယ်။ သွေးဆာနေတဲ့ လက်ယာစွန်း နတန်ညာဟု အစိုးရကိုပဲ ဒေါသပုန်ထကြတယ်။ လူထု ဒေါသဟာ အထွေထွေ သပိတ်အသွင်နဲ့ အုံကြွ ပေါက်ကွဲသွားခဲ့တယ်။ 

လွန်ခဲ့တဲ့ တပတ်ကျော်က အစပြုခဲ့တဲ့ အစ္စရေး လူထု အုံကြွမှုကြီးဟာ မကြုံစဖူး ကြီးမားလှတယ်လို့ ဆိုနိုင်တယ်။ တဲလ်ဗီး တမြို့တည်းမှာတင် လူ ၅ သိန်းလောက် လမ်းပေါ်ထွက်လာတယ်လို့ လူထု လှုပ်ရှားမှု ဦးဆောင်သူတွေက ပြောပါတယ်။ 

နတန်ညာဟု ခေါင်းဆောင်တဲ့ ကက်ဘိနက် အဖွဲ့ထဲမှာကို သဘောထား ကွဲလွဲမှုတွေ ပြင်းထန်နေတယ်။ နတန်ညာဟု ပါတီက ကာကွယ်ရေး ဝန်ကြီး Yoav Gallant နဲ့ ဝန်ကြီးချုပ် နတန်ညာဟုတို့ ကက်ဘိနက် အစည်းအဝေးမှာ အော်ကြီးဟစ်ကျယ် ရန်ထဖြစ်တဲ့အထိ ကွဲအက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဂယ်လန့်(ထ်)က အပစ်ရပ် ဆွေးနွေးရေး လမ်းကြောင်းကို သွားသင့်ကြောင်း ပြောတယ်။ နတန်ညာဟုက အစ္စရေး စစ်တပ် ဖီလာဒဲဖီး ကော်ရစ်ဒါမှာ ဆက်ထားရှိရေးကို ဇန်းတင် ပြောတယ်၊ ဒီအချက်ကို ဟားမတ်(စ်)နဲ့ အီဂျစ်ဘက်က ဆန့်ကျင်ကြောင်း သိပြီးသား။ အဲဒီ ကက်ဘိနက် အစည်းအဝေးမှာ နတန်ညာဟုက အစ္စရေး စစ်တပ် ထိန်းချုပ်ထားရမယ့် စစ်မြေပုံတွေ ဆွဲထုတ်ပြတယ်၊ ကာကွယ်ရေး ဝန်ကြီးဘက်က သဘောမတူတဲ့အခါ မဲခွဲ ဆုံးဖြတ်ဖို့ တွန်းတင်တဲ့အထိပဲ။ 

ဒီအခါ ကာကွယ်ရေး ဝန်ကြီး ဂယ်လန့်(ထ်) ပြန်ပြောတဲ့စကားကို ကောက်နှုတ်ပြလိုတယ် - “ဝန်ကြီးချုပ် တယောက်အနေနဲ့ ခင်ဗျား ကြိုက်တဲ့ ဆုံးဖြတ်ချက်ကို ကြိုက်သလို မဲခွဲ အတည်ပြုပိုင်ခွင့် ရှိတယ်၊ ဓားစာခံတွေ ကွပ်မျက်ပစ်တဲ့ ဆုံးဖြတ်ချက် အပါအဝင်ပေါ့လေ”။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပါလက်စတိုင်း ပြည်သူတွေနဲ့ အစ္စရေး ဓားစာခံတွေကို စာနာလို့ အပစ်ရပ်ရေး လမ်းကြောင်းကို တွန်းတင်နေတာ မဟုတ်မှန်း စာရှုသူများ သဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်။ ဒီအဖြစ်အပျက်က အစ္စရေး အုပ်စိုးသူ လူတန်းစားအတွင်း ကွဲအက်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေကြောင်း မီးမောင်း ထိုးပြလိုက်တာပဲ။ ဂျီနိုဆိုက် စစ်ပွဲကို ပြောင်ပြောင်တင်းတင်း ထောက်ခံပြတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လဲ လူထု မကျေနပ်ချက်တွေ တိုးမြှင့်လာလို့ လာမယ့် ရွေးကောက်ပွဲမှာ သမ္မတနေရာ ဝင်မပြိုင်ရဲတော့ဘူး၊ တိတိကျကျပြောရရင် အမေရိကန် အုပ်စိုးသူ လူတန်းစားက သူ့ကို ဝင်ပြိုင်ခွင့် မပေးတော့ဘူး။ 

တော်လှန်ရေးတွေဟာ ထိပ်ပိုင်း အက်ကွဲမှုတွေက အစပြုလေ့ရှိတယ်လို့ လီနင် ပြောခဲ့ဖူးတယ်။ အခု အစ္စရေး အုပ်စိုးသူတွေကြား ဖြစ်ပေါ်နေတဲ့ အက်ကွဲကြောင်းကြီးတွေကနေ အဖိနှိပ်ခံ လူထုရဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲထွက်ပြီး လူထု အုံကြွမှုကြီး ဖြစ်လာခဲ့ပြီ။ အစ္စရေး လူထု လှုပ်ရှားမှုကြီးကသာ နတန်ညာဟု အစိုးရကို ဖြုတ်ချနိုင်ခဲ့ရင် အရှေ့အလယ်ပိုင်း ဒေသကြီး စစ်မီး တောက်လောင်မယ့် အန္တရာယ်ကို အချိန်မီ တားဆီးနိုင်လိမ့်မယ်။ 

စစ်နဲ့ တော်လှန်ရေးဟာ ဒွန်တွဲ လာလေ့ရှိတယ်

စစ်မီးဟာ ကူးစက်တတ်သလို တော်လှန်ရေးမီးဟာလဲ ကူးစက်တတ်ကြောင်း အာရပ် နွေဦးက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ တော်လှန်ရေးမီး ကူးစက် တောက်လောင်နိုင်တဲ့ ရေခံမြေခံတွေက အရှေ့အလယ်ပိုင်း နိုင်ငံအသီးသီးမှာ ရှိနေပြီးသား ဖြစ်ပါတယ်။ အုပ်စိုးသူ လူတန်းစားအနေနဲ့ စစ်မီး ကျယ်ပြန့်သွားမှာကို မလိုလားဘူးဆိုတာ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ကမ္ဘာ့ စီးပွားရေးအပေါ် ရိုက်ခတ်ချက်တွေကို မလိုလားလို့ ဖြစ်သလို တော်လှန်ရေး လှုပ်ရှားမှုတွေ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာမှာကို ကြောက်ရွံ့လို့လဲ ဖြစ်ပါတယ်။ 

စစ်နဲ့ တော်လှန်ရေးဟာ ဒွန်တွဲလာလေ့ရှိတယ်။ ပထမ ကမ္ဘာစစ် မပြီးဆုံးခင် ရုရှား အောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးကြီး ဖြစ်ခဲ့တယ်။ ဒီနောက် ဂျာမနီအပါအဝင် နိုင်ငံ အတော်များများမှာ တော်လှန်ရေး လှိုင်းတွေ အားကောင်းခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်နဲ့အတူ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထတဲ့ တော်လှန်ရေးတွေ အမြောက်အများ ဖြစ်ခဲ့တယ်။ 

ဒါ့ကြောင့် အရင်းရှင် နယ်ချဲ့ခေတ်မှာ စစ်နဲ့ အနိဋ္ဌာရုံတွေကိုပဲ မြင်နေရင် တဖက်သတ်ဆန်ပြီး အဆိုးမြင်ရာ ရောက်တယ်။ ဖြစ်စဉ်၊ ဖြစ်ရပ်တွေကို မျက်နှာစာတခုတည်းက မကြည့်ဘဲ ပြောင်းလဲဖြစ်ပေါ်မှု၊ အပြန်အလှန် ယှက်နွှယ်နေမှု၊ အပြန်အလှန် လွှမ်းမိုးသက်ရောက်မှု၊ တိုးတက်ဖြစ်ထွန်းမှုတွေကိုပါ မြင်အောင်ကြည့်တာ ဒိုင်ယာလက်တစ် အမြင်ပဲ။ ဒိုင်ယာလက်တစ် နည်းလမ်းကို လက်ကိုင်သုံးတဲ့ ကျနော်တို့ ကွန်မြူနစ်တွေရဲ့ အမြင်က - 

‘ဖောက်ပြန်သော နယ်ချဲ့စစ်ကို ဆိုရှယ်လစ် တော်လှန်ရေးနဲ့ပဲ တားဆီးနိုင်တယ်’။ အရင်းရှင်စနစ် ရှိနေသရွေ့ ဖောက်ပြန်သော စစ်တွေ ဆက်ဖြစ်နေဦးမှာပဲ။ 

ဒါ့ကြောင့် စစ်ဝါဒနဲ့ နယ်ချဲ့စနစ်ကို အမြစ်ကနေ ဖြိုဖျက်ပစ်ဖို့  အရင်းရှင်စနစ်ကို ဆိုရှယ်လစ် တော်လှန်ရေးနဲ့ ဖြိုလှဲပစ်ရမယ်။ ဒါဟာ ဒီကနေ့ အလုပ်သမား လူတန်းစားပေါ် ကျရောက်နေတဲ့ အရေးကြီး သမိုင်း တာဝန်လဲ ဖြစ်တယ်။ 

  • Socialism or Barbarism
  • Fight for Socialist Revolution
  • Workers of the World, Unite!

မဂ္ဂဇင်းကို ဒေါင်းရန် - https://www.mediafire.com/file/kamvm1dcbvui9yy/The_Struggle_Magazine_Issue10.pdf/file