မာ့က်စ်ဝါဒဆိုင်ရာ သိကောင်းစရာ အခြေခံ အမေးအဖြေများ Share Tweet မာ့က်စ်ဝါဒဆိုတာ ဘာလဲမာ့က်စ်ဝါဒဆိုတာ ကားလ်ဟိန်းနရစ်ခ်ျမာ့က်စ်ရဲ့ ရှုမြင်ချက်နဲ့ သင်ကြားချက်တွေကို စနစ်တကျ စီစဉ် စုစည်းထားချက်ပဲ ဖြစ်တယ်။ မာ့က်စ်ဟာ ၁၉ရာစုရဲ့ အဓိက အတွေးအမြင်စနစ် (ideology) ရေစီးကြောင်း သုံးသွယ်ကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေပြီး ပြီးပြည့်စုံစေခဲ့တယ်။ ဒီရေစီးကြောင်း သုံးသွယ်ဟာ အဲဒီခေတ်အခါတုန်းက လူသားမျိုးနွယ်ရဲ့ ရှေ့တန်းအရောက်ဆုံးသော နိုင်ငံကြီး သုံးခုကို ကိုယ်စားပြုတယ်။ ပြောမယ်ဆိုရင် ဂျာမန် ဒဿနိကဗေဒ၊ အင်္ဂလိပ် စံတော်ဝင် နိုင်ငံရေးဘောဂဗေဒ၊ နောက် ပြင်သစ် တော်လှန်ရေး သင်ကြားချက်တွေနဲ့ ပေါင်းစပ်ထားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒတို့ပဲ။[မာ့က်စ်ဝါဒကို မာ့က်စ်နဲ့ ဖရိဒရစ်ခ် အန်းဂယ်လ်စ်တို့ သက်ရှိထင်ရှား ရှိစဉ်အခါတုန်းက သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒလို့ ခေါ်ပါတယ်။ မာ့က်စ်ဝါဒမှာ အဘိဓမ္မာ (တနည်းအားဖြင့် ဒဿနိကဗေဒ)ပိုင်းအရ ဒိုင်ယာလက်တစ်ရုပ်ဝါဒ ၊ နောက် လူ့သမိုင်း ဖြစ်ပေါ်တိုးတက်မှုကို ဒိုင်ယာလက်တစ် နည်းလမ်းသုံးပြီး လေ့လာတဲ့ သမိုင်းရေးရုပ်ဝါဒနဲ့ နိုင်ငံရေးဘောဂဗေဒအပိုင်းကို ဒိုင်ယာလက်တစ် နည်းလမ်းသုံးပြီး ခွဲခြမ်းစိတ်ဖြာထားတဲ့ မာ့က်စ်ဝါဒ နိုင်ငံရေးဘောဂဗေဒ ရယ်လို့ သုံးပိုင်း ပါဝင်တယ်။ ဘာသာပြန်သူ၏ မှတ်ချက်] မာ့က်စ်ရဲ့ အမြင်တွေဟာ အံ့အားသင့်လောက်ဖွယ် ရှေ့နောက်ညီညွတ်မှု ရှိပြီး၊ ခိုင်မာမှုလည်း ရှိတယ်။ ဒီအချက်ကို သူ့ရန်သူတွေကတောင် အသိအမှတ်ပြုခဲ့ရတယ်။ မာ့က်စ်ရဲ့ အမြင်တွေကို စုစည်းလိုက်တဲ့အခါ ခေတ်သစ်ရုပ်ဝါဒနဲ့ ခေတ်သစ် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒတို့ ပေါ်ထွက်လာတယ်။ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒဟာ ကမ္ဘာ့ နိုင်ငံအသီးသီးက အလုပ်သမားလူတန်းစား လှုပ်ရှားမှုရဲ့ သီအိုရီနဲ့ လုပ်ငန်းစဉ် ဖြစ်လာတယ်။မာ့က်စ်-လီနင်ဝါဒနဲ့ ထရော့စကီးဝါဒဆိုတာတွေက ဘာတွေလဲတော်လှန်သော မာ့(က်စ်)ဝါဒီတွေနဲ့ ပြုပြင်ရေးဝါဒီတွေကို ခွဲခြားဖော်ပြဖို့ ဒီဝေါဟာရကို သုံးကြတယ်။ တော်လှန်သော မာ့က်စ်ဝါဒီတွေက တည်ဆဲ အရင်းရှင်စနစ်ကို စနစ်သစ်တရပ်နဲ့ အလုံးစုံ အစားထိုးပစ်ရမယ်လို့ မြင်ပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်ပဲ ပြုပြင်ရေးဝါဒီတွေကတော့ အရင်းရှင်စနစ်ကို ‘လူသားဆန်လာအောင်’ ပြင်ယူနိုင်တယ်လို့ မြင်ကြတယ်။ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ လီနင်ဝါဒဆိုတာက အရင်းရှင်နယ်ချဲ့ခေတ်မှာ မာ့က်စ်ရဲ့ အတွေးအမြင်တွေကို ဆက်လက်တိုးချဲ့ထားခြင်းသာ ဖြစ်ပါတယ်။ လီနင်ဝါဒနဲ့ မာ့(က်စ်)ဝါဒက သီးခြားမဟုတ်သလို ဆန့်ကျင်ဖက်လဲ မဟုတ်ဘူး။ (အရင်းရှင်နယ်ချဲ့ခေတ်ဆိုတာ ဘဏ္ဍာအရင်းနဲ့ လက်ဝါးကြီးအုပ် အရင်းရှင် လုပ်ငန်းစုကြီးတွေ လွှမ်းမိုးခြယ်လှယ်သော ခေတ်၊ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအလို့ငှာ ကိုလိုနီနိုင်ငံတွေကို ဗိုလ်ကျမင်းမူတဲ့ ခေတ်)။ဒါပေမဲ့ မာ့က်စ်-လီနင်ဝါဒဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ရှိနေသေးတယ်။ စတာလင်၊ မော် နောက်လိုက်တွေ ရှိသလို ထရော့စကီး နောက်လိုက်တွေလဲ ရှိတယ်။ စတာလင်နဲ့ မော်တို့ဟာ မာ့က်စ်ဝါဒီတွေ (လုံးဝ) မဟုတ်ဘူး။ တကယ်တော့ စတာလင်နဲ့ မော်တို့ဟာ မာ့က်စ်ဝါဒ ဆန့်ကျင်ရေးသမားတွေသာ ဖြစ်တယ်။ စတာလင်နဲ့ မော်တို့ ခေါင်းဆောင်ခဲ့တဲ့ အစိုးရစနစ်တွေဟာ အလုပ်သမားထုကိုယ်တိုင် ဒီမိုကရေစီနည်းကျ ပဲ့ကိုင်မောင်းနှင်တဲ့ အစိုးရစနစ် မဖြစ်ခဲ့ဘူး၊ ထိပ်ပိုင်း ဗျူရိုကရက်အလွှာတခုက အကြွင်းမဲ့ ချုပ်ကိုင်ထားတဲ့ အာဏာရှင်စနစ်တွေသာ ဖြစ်ခဲ့တယ်။ စတာလင်၊ မော်တို့ ဦးဆောင်သော အဲဒီဗျူရိုကရက် အလွှာဟာ အလုပ်သမား နိုင်ငံတော်ပေါ်က ကပ်ပါးတွေသာ ဖြစ်ခဲ့တယ်။၁၉၂၄ ခုနှစ်မှာ လီနင်ကွယ်လွန်သွားတော့ စတာလင်ရဲ့ ဖောက်ပြန်ရေး ပေါ်လစီတွေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ ဘော်ရှီဗစ် လက်ဝဲ အတိုက်အခံအင်အားစု (Left Opposition) ကို ဦးဆောင်ခဲ့သူဟာ လီယွန် ထရော့စကီးပဲ။ ထရော့စကီးဝါဒဟာ တကယ်တော့ မာ့က်စ်-လီနင်ဝါဒရဲ့ အဆက်ပါပဲ။ လူအတော်များများက စတာလင်ဝါဒီတွေနဲ့ ကွဲကွဲပြားပြားဖြစ်သွားအောင် ထရော့စကီးဝါဒ ဆိုတဲ့ စကားလုံးကို အသုံးပြုခြင်း ဖြစ်တယ်။ ကျနော်တို့ဟာ ထရော့စကီးရဲ့ အမြင်တွေကို သဘောတူ ထောက်ခံတယ်။ ထရော့စကီးကို မာ့က်စ်-လီနင်ဝါဒ ဆက်လက် ဖွံ့ဖြိုးစေသူလို့ မြင်တယ်။ ဒါပေမဲ့ ထရော့စကီးဝါဒ ဆိုတဲ့ စကားလုံးမှာ မလိုလားတဲ့ ဂယက်အနက်တွေ ရှိနေတယ် (ဒါကလဲ ထရော့စကီးဝါဒီဆိုသူ အတော်များများရဲ့ တယူသန် လက်ဝဲစွန်း နည်းနာနဲ့ ပေါ်လစီတွေကြောင့်ပဲ)။ ဒီအတွက်ကြောင့် ကျနော်တို့ကတော့ မာ့(က်စ်)ဝါဒီ (သို့) လီနင်ဝါဒီလို့ပဲ ခေါ်ဝေါ်သုံးစွဲပါတယ်၊ ထရော့စကီးရဲ့ အတွေးအခေါ်တွေက မာ့(က်စ်)ဝါဒ(တနည်း) လီနင်ဝါဒကို ဆက်လက်တိုးချဲ့ထားခြင်းသာ ဖြစ်နေလို့ပဲ။ ထရော့စကီးက မာ့(က်စ်)ဝါဒ သီအိုရီကို အများကြီး အကျိုးပြုခဲ့တယ်။ ဒီထဲက အရေးအကြီးဆုံး အကျိုးပြုချက် နှစ်ခုကို နမူနာထုတ်ပြရရင် စတာလင်နစ်ဇင်ရဲ့ သဘောသဘာဝကို သိပ္ပံနည်းကျ ဆန်းစစ်သုံးသပ်နိုင်ခြင်းနဲ့ စဉ်ဆက်မပြတ် တော်လှန်ရေး သဘောတရားတွေပဲ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် တော်လှန်ရေး အတွေးအခေါ်တွေဟာ ကိုလိုနီနိုင်ငံတွေနဲ့ အထူးအပ်စပ်တဲ့ သီအိုရီတရပ်လဲ ဖြစ်တယ်။သူတို့ကိုယ်သူတို့ “ဆိုရှယ်လစ်”လို့ ပြောကြတာလဲရှိတယ်၊ ဘာကို ဆိုလိုချင်သလဲ။ဆိုရှယ်လစ်လို့ဆိုရာမှာ အဓိကအားဖြင့် နှစ်မျိုးနှစ်စား ရှိတယ်။ အရင်း အုပ်စိုးမှုနဲ့ အခစား အလုပ်ကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်မှန်သော ဆိုရှယ်လစ်တွေနဲ့ ပြုပြင်ရေးဝါဒီတွေပဲ။ ပြုပြင်ရေးဝါဒီအများစုဟာ သူတို့ကိုယ်သူတို့ ဆိုရှယ်လစ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ဟာ အရင်းရှင်စနစ် ဆက်လက်တည်ရှိမှုကို လက်ခံထားတဲ့အတွက် သူတို့ရဲ့ ပေါ်လစီတွေဟာ အရင်းရှင်စနစ်ကို အထောက်အပံ့ပြုရာ ရောက်သွားတယ်။ ဥရောပက “ဆိုရှယ်လစ်ပါတီ” အမြောက်အမြားဟာ အဓမ္မနယ်ချဲ့ရည်မှန်းချက်တွေ နောက်လိုက်ရင်း အတင်းအကြပ် ချွေတာရေးနဲ့ လူထု အသုံးစရိတ် ဖြတ်တောက်ရေး ပေါ်လစီတွေကို အကောင်အထည်ဖော်ပေးကြတယ်။ မာ့က်စ်ဝါဒ အသုံးအနှုန်းအရဆိုရင် ဆိုရှယ်လစ်စနစ်ဆိုတာ အရင်းရှင်စနစ်ကနေ ကွန်မြူနစ် လူ့အဖွဲ့အစည်းဆီ အကူးအပြောင်း ကာလလို့ ယေဘုယျ သတ်မှတ်ထားတယ်။ “တဦးချင်းစီ အစွမ်းရှိသလောက်လုပ်၊ လူ့အဖွဲ့အစည်းကနေ လိုအပ်သလောက် ပြန်ရနိုင်သော” စနစ်ဆီ ကူးပြောင်းနေဆဲ အဆင့်ကို ဆိုရှယ်လစ် ကာလလို့ ပြောခြင်းဖြစ်တယ်။ အရင်းရှင်စနစ်ကို ဖျက်သိမ်းပစ်ပြီး အလုပ်သမားထုကိုယ်တိုင် ဒီမိုကရေစီနည်းကျ ပဲ့ကိုင်မောင်းနှင်တဲ့ ဆိုရှယ်လစ်စနစ် ထူထောင်ရေး ရည်မှန်းချက်ကို ကိုင်စွဲထားသရွေ့ မာ့(က်စ်)ဝါဒီလို့ပဲခေါ်ခေါ်၊ ဆိုရှယ်လစ်လို့ပဲခေါ်ခေါ် အတူတူပါပဲ။ “ဆိုရှယ်လစ်” အမည်ခံ လူအတော်များများကို သတိထားကြည့်ဖို့ လိုတယ်။ ဝါဝါမြင်တိုင်း ရွှေအစစ် မထင်လိုက်နဲ့၊ အပေါ်ယံ ရွှေမှုန်ကြဲ အတွင်းနောက်ချေးခဲ ဖြစ်နေတတ်တယ်။ဆိုရှယ်လစ်စနစ်နဲ့ ကွန်မြူနစ်စနစ် ဘာကွာသလဲမီဒီယာတွေနဲ့ ကျနော်တို့ကြုံခဲ့ရတဲ့ ပညာရေးစနစ်ကြောင့် လူအတော်များများက “ဆိုရှယ်လစ်”၊ “ကွန်မြူနစ်” ဆိုတဲ့ စကားလုံးတွေကို မာ့(က်စ်)ဝါဒထူထောင်သူတွေ ကနဦး ရည်ရွယ်ခဲ့သလို နားမလည်ကြတော့ဘူး။ ဒီလို နားလည်မှု ရှုပ်ထွေးရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဒီကနေ့ခေတ် အမည်ခံ“ဆိုရှယ်လစ်”ပါတီတွေဟာ ဆိုရှယ်လစ်တွေ မဟုတ်ဘူး၊ နောက် “ကွန်မြူနစ်စနစ်”ဆိုတာကိုလဲ လူအများစုက စတာလင်ရဲ့ အကြွင်းမဲ့ အာဏာရှင်စနစ် ဆိုဗီယက်ယူနီယံနဲ့ပဲ တွဲမြင်နေကြတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ ဆိုရှယ်လစ်တွေ (မာ့က်စ်ဝါဒီတွေကို ခေါ်တဲ့ မူရင်းအသုံးအနှုန်း) အတွက်တော့ ဒီစကားလုံးတွေမှာ တိကျပြတ်သားတဲ့ အနက်အဓိပ္ပါယ်တွေ ရှိတယ်။ ဒီစကားလုံးတွေကနေ အတိအကျ ရည်ညွှန်းထားတဲ့ လူမှုစနစ်တွေ ရှိတယ်။ မာ့က်စ်ဝါဒီတွေအတွက် ဆိုရှယ်လစ် စနစ်ဆိုတာ ကုန်လုပ်ပစ္စည်းတွေကို ပုဂ္ဂလိက ပိုင်ဆိုင်ထားတဲ့ ဂုပ်သွေးစုပ် အရင်းရှင် စနစ်ကနေ လူတန်းစားမဲ့ ကွန်မြူနစ် လူ့ဘောင်ဆီ ကူးပြောင်းဆဲ ကြားကာလကို ရည်ညွှန်းခြင်း ဖြစ်တယ်။ ကွန်မြူနစ် လူ့အဖွဲ့အစည်းမှာ နိုင်ငံတော်ရယ်လို့ မရှိတော့ဘူး၊ ဖိအားတွေကြောင့် အလုပ်လုပ်နေရတာမျိုး မရှိတော့သလို နိုင်ငံတော် ပိုင်နက်စည်းဆိုတာတွေ မရှိတော့ဘူး၊ စသည်ဖြင့်ပေါ့။အရင်းရှင်စနစ်မှာ လူ့အဖွဲ့အစည်းကို လက်တဆုပ်စာ ရေပေါ်ဆီ သူဌေးတွေက အုပ်ချုပ်တယ်။ အမြတ်အစွန်းကို ရဖို့ အလုပ်သမားထုကို သွေးစုပ်ခြယ်လှယ်သူတွေက လူ့အဖွဲ့အစည်းကို အုပ်စိုးနေတယ်။ အမြတ်ရနေသရွေ့ ဘာပစ္စည်းတွေကို ဘယ်လို ထုတ်နေသလဲ သူတို့ စိတ်မဝင်စားဘူး။ အခွင့်ထူးခံ သူတို့ဘဝကို ကာကွယ်ထိန်းသိမ်းဖို့ ဥပဒေ၊ တရားရုံး၊ အကျဉ်းထောင်၊ စစ်တပ်နဲ့ ရဲတပ်တို့ ပါဝင်တဲ့ လက်နက်ကိုင် အင်အားစုများ (တနည်းဆိုရရင်) နိုင်ငံတော် ဆိုသောအရာကို အကျအန ထူထောင်ထားတယ်။ကွန်မြူနစ်စနစ်မှာဆိုရင် လူ့အဖွဲ့အစည်း တရပ်လုံးက ကုန်လုပ်ပစ္စည်းတွေရဲ့ “ပိုင်ရှင်” ဖြစ်လာလိမ့်မယ်။ “စုပေါင်းပိုင်ဆိုင်သော ကုန်လုပ်ပစ္စည်းတွေ”ကို အသုံးပြုပြီး လူသားအားလုံး အကျိုးအတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖြစ် ကုန်ထုတ်လိမ့်မယ်။ သို့သော် အရင်းရှင်စနစ်ကနေ ဒီကွန်မြူနစ်လူ့ဘောင်ကို မရောက်ခင် စပ်ကြားမှာ ဆိုရှယ်လစ် ခေတ်ပြောင်းကာလကြီး တည်ရှိနေတယ်။အန်နာ့ခစ်(စ်)တွေကတော့ နိုင်ငံတော် နဲ့ အရင်းရှင်စနစ်ကို ဥုံဖွဆိုပြီး မှော်တခိုးနဲ့ နေ့ချင်းညချင်း ဖျက်သိမ်းပစ်နိုင်မယ်လို့ စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့ ငြိမ်းချမ်းလွတ်လပ်ပြီး ကုံလုံကြွယ်ဝတဲ့ ခေတ်သစ်တခုကို ရောက်ဖို့ အကူးအပြောင်း ကာလတခု လိုအပ်တယ်။ ကွန်မြူနစ်စနစ်ရဲ့ ရုပ်အခြေခံက လူတိုင်း လိုသလောက် ရရှိအောင် ထုတ်ပေးနိုင်စွမ်းပဲ။ ကျနော်တို့ လက်ထဲမှာ နည်းပညာတွေ အံ့မခန်း တိုးတက်နေပြီးသား၊ လူသားတွေ လိုအပ်ချက် ပြည့်ဝအောင် ဘယ်လို အကောင်အထည်ဖော်ရမလဲ သိပြီးသား ဆိုပေမယ့် ငတ်မွတ်ခေါင်းပါး၊ ဆင်းရဲမွဲတေမှုတွေ တပြုံတခေါင်းကြီး ရှိနေသေးတဲ့ အရင်းရှင်စနစ်ကနေ အလျှံပယ် ကြွယ်ဝနေသော ကွန်မြူနစ်စနစ်ဆီ နေ့ချင်းညချင်း ခုန်ကူးမသွားနိုင်သေးဘူး။ အဲဒီ အကူးအပြောင်းကာလကို မာ့က်စ်ဝါဒီတွေက ဆိုရှယ်လစ်စနစ်လို့ ခေါ်ပါတယ်။ မာ့က်စ်က ဂိုသာ လုပ်ငန်းစဉ် ဝေဖန်ချက် (Critique of the Gotha Program) မှာ အခုလို ရှင်းပြထားတယ်။“အရင်းရှင်စနစ်နဲ့ ကွန်မြူနစ် လူ့ဘောင်ကြားမှာ ခေတ်ပြောင်း တော်လှန်ရေး ကာလကြီးတခု တည်ရှိနေတယ်။ ဒါနဲ့ အဟပ်ညီညီ ဖြစ်ပေါ်နေသော နိုင်ငံရေး အကူးအပြောင်းကာလ တခုလဲ ရှိနေတယ်။ အဲဒီအကူးအပြောင်း ကာလရဲ့ နိုင်ငံတော်ဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့ တော်လှန်ရေး အာဏာရှင်စနစ်ပဲ ဖြစ်နိုင်တယ်။”အများစုကြီး ဖြစ်သော အလုပ်သမား လူတန်းစားက နိုင်ငံရေး အာဏာကို သိမ်းပိုက်လိုက်ခြင်းဟာ ဒီဖြစ်စဉ်ရဲ့ ပထမ ခြေလှမ်းပဲ။ မာ့က်စ်တို့ခေတ်ကတော့ “ပစ္စည်းမဲ့ အာဏာရှင်စနစ်”လို့ ခေါ်ခဲ့ကြတယ်။ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဟာ ကျနော်တို့ အခု နေနေရတဲ့ “ဘူဇွှာလူတန်းစား အာဏာရှင်စနစ်”နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ အလုပ်သမား လူတန်းစားဟာ နိုင်ငံရေးအာဏာ ရယူပြီးတာနဲ့ စီးပွားရေးစနစ်ကိုလည်း ပဲ့ကိုင်မောင်းနှင်သွားနိုင်တယ်။ အလုပ်သမား လူတန်းစားက စီးပွားရေးစနစ်ကို လက်တဆုပ်စာ အရင်းရှင်တွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းတရပ်လုံး အကျိုးစီးပွားအတွက် ဒီမိုကရေစီနည်းကျ ပဲ့ကိုင် မောင်းနှင်သွားရင် လူတိုင်း လူတိုင်း အခြေခံလိုအပ်ချက်တွေ ဖူလုံရုံမက အလျှံပယ် သုံးနိုင်အောင် အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ အလုပ်မဲ့ ပြဿနာ မရှိတော့ဘူး။ အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ အိုးအိမ်နဲ့ တခြားအရာတွေကို လူတိုင်း အခမဲ့ ရရှိလာလိမ့်မယ်။ လူသားမျိုးနွယ်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ကုန်ထုတ်လုပ်နိုင်စွမ်းတွေကို ဖွင့်ထုတ်ပေးနိုင်လိမ့်မယ်။အန်းဂယ်လ်စ် ရှင်းပြခဲ့သလိုပဲ၊ ဒီဆိုရှယ်လစ် “နိုင်ငံတော်”ဟာ လူ့အဖွဲ့အစည်းထဲက အများစုကြီးကို ဒီမိုကရေစီနည်းကျ စစ်စစ်မှန်မှန် ကိုယ်စားပြုနိုင်လိမ့်မယ်။ အဓိပ္ပါယ် အတိအကျ ဆိုရရင် အဲဒီကာလ နိုင်ငံတော်ဟာ နိုင်ငံတော် မဟုတ်တော့ဘူး၊ အားလျော့ပျက်ပြယ်စ ပြုနေပြီ ဖြစ်တယ်။ အရင်းရှင် နိုင်ငံတော်ဟာ လူ့အဖွဲ့အစည်းထဲက လက်တဆုပ်စာ လူနည်းစုလေးကိုပဲ ကိုယ်စားပြုတယ်။ ဒါကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေ သုံးပြီး အများစုသော လူထုကြီးကို ဦးချိုးထားခြင်း ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတော်ကို လူအများစုကြီးရဲ့ အကျိုးစီးပွားအတွက် မောင်းနှင်အသုံးပြုတဲ့အခါ အရင်းရှင်စနစ်ရဲ့ မညီမျှမှု၊ ဖိနှိပ်မှုတွေ မရှိတော့သလို ရဲတို့၊ စစ်တပ်တို့ အစရှိတဲ့ ဖိနှိပ်ရေး ယန္တရားတွေကိုလဲ မလိုအပ်တော့ဘူး။ အရင်းရှင်စနစ်အောက်က အတင်းအကျပ် ခိုင်းစေမှုနဲ့ လူလူချင်း နိုင့်ထက်ကလူ ပြုကျင့်မှုတွေ တစတစ ပျောက်ကွယ်သွားပြီး အရာဝတ္ထုတွေကို ဒီမိုကရေစီနည်းကျ စီမံခန့်ခွဲခြင်းပဲ အစားထိုး ဝင်ရောက်လာလိမ့်မယ်။လီနင်က “နိုင်ငံတော်နဲ့ တော်လှန်ရေး” စာအုပ်မှာ အခုလို ရှင်းပြထားတယ် -“အရင်းရှင် လူတန်းစားရဲ့ ခုခံတိုက်ခိုက်မှု ချုပ်ငြိမ်းသွားပြီး၊ လူတန်းစားရယ်လို့ မရှိတော့တဲ့အချိန် (ဆိုလိုတာက လူ့သမဂ္ဂဝင်များကြား လူမှုကုန်ထုတ် ပစ္စည်းတွေနဲ့ ဆက်စပ်လို့ ကွဲပြားခြားနားမှုဆိုတာ မရှိတော့ဘူး) ကွန်မြူနစ် လူ့အဖွဲ့အစည်းကို ရောက်မှသာ “နိုင်ငံတော်ဟာ ကွယ်ပျောက်သွားမယ်”၊ အဲဒီအခါမှပဲ “အမှန်တကယ် လွတ်လပ်ပြီလို့ ပြောနိုင်မယ်”။ ဒီတော့မှသာ ပကတိ ပြီးပြည့်စုံသော ဒီမိုကရေစီစနစ်ဆိုတာ ဖြစ်နိုင်ချေရှိလာမယ်၊ ချို့ယွင်းချက်မရှိတဲ့ ဒီမိုကရေစီကို အကောင်အထည်ဖော်နိုင်လိမ့်မယ်။ ဒီကစလို့ ဒီမိုကရေစီဟာ စတင် တိမ်ကောပပျောက်သွားလိမ့်မယ်။ ဒီလိုဖြစ်သွားရတဲ့ အကြောင်းက ရိုးရှင်းပါတယ်၊ အရင်းရှင်စနစ်ရဲ့ လုပ်ခစား ကျွန်စနစ် မရှိတော့ဘူး၊ အရင်းရှင်စနစ်ရဲ့ သွေးစုပ်ခြယ်လှယ်မှုကြောင့် ရရှိခဲ့တဲ့ မရေမတွက်နိုင်လောက်အောင် များပြားလှသော အနိဋ္ဌာရုံတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လှည့်ဖျားမှုနဲ့ ကောက်ကျစ်စဉ်းလဲမှုတွေ ကင်းစင်သွားတဲ့အခါ လူတွေဟာ ရာစုနှစ်ပေါင်းများစွာ သိရှိထားခဲ့သလို၊ နှစ်ထောင်နဲ့ချီပြီး နီတိစာအုပ်တွေထဲမှာ သံတူကြောင်းကွဲ ထပ်ဖန်တလဲလဲ ရေးထားခဲ့တဲ့ လူမှုကျင့်ဝတ် အခြေခံ စည်မျဉ်းတွေကို လိုက်နာတဲ့ အလေ့အထ တဖြည်းဖြည်း ရလာလိမ့်မယ်။ အင်အား သုံးစရာ မလိုတော့၊ အကျပ်ကိုင်စရာ မလိုတော့၊ နာခံမှုရှိဖို့လဲ မလိုအပ်တော့၊ နိုင်ငံတော်လို့ခေါ်တဲ့ အကြမ်းဖက်ရေး အထူးယန္တရားတရပ်လဲ မလိုအပ်တော့ဘဲ ဒီလူမှု ဆက်ဆံရေး အခြေခံ ကျင့်ဝတ်တွေကို လူအားလုံးက အလေ့အထအလျောက် ကျင့်သုံးလာကြလိမ့်မယ်။”[လီနင်ရဲ့ State and Revolution စာအုပ် မြန်မာ ဘာသာပြန် ရှိပြီးဖြစ်လို့ အလယ်က အပိုဒ်တွေကို ကျော်လိုက်ပါတယ်။]“မာ့က်စ်ဟာ ဖြစ်မလာသေးတာကို ဗလာချီ စိတ်ကူးယဉ် လေထဲတိုက်ဆောက်နေမယ့်အစား အဲဒီအနာဂတ်နဲ့ ပတ်သက်လို့ အခုချိန်မှာ ပြောလို့ရသလောက်ကိုပဲ ပြည့်ပြည့်စုံစုံ ပြောခဲ့တယ်။ ဆိုလိုတာက ကွန်မြူနစ် လူ့အဖွဲ့အစည်းမှာ အနိမ့်အဆင့် (ဆိုရှယ်လစ်စနစ်)နဲ့ အမြင့်အဆင့် (ကွန်မြူနစ်စနစ်) ကြား ခြားနားချက်တွေကိုပဲ ပိုင်းခြားပြောခဲ့တယ်။”ဆိုတော့ ကျနော်တို့ကို ဆိုရှယ်လစ်တွေလား၊ ကွန်မြူနစ်တွေလားလို့ မေးလာရင် နှစ်ခုလုံး ဟုတ်တယ်လို့ ဖြေရမှာပါပဲ။ ကျနော်တို့ဟာ ကွန်မြူနစ် လူ့အဖွဲ့အစည်း ဖြစ်လာအောင် တိုက်ပွဲဝင်နေကြတယ်။ ဒါပေမယ့် ဒီအဆင့်ကို ရောက်ဖို့ ဒီမိုကရေစီနည်းကျသော ဆိုရှယ်လစ်စနစ်ကို ဖြတ်သန်းသွားရတယ်။ အရေးကြီးဆုံး အချက်က ကျနော်တို့ဟာ မာ့က်စ်ဝါဒီတွေ ဖြစ်တယ်။ မာ့က်စ်ဝါဒ အတွေးအခေါ်တွေဟာ အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ပြီး ဆိုရှယ်လစ်စနစ်ကို စောလျင်စွာ ထူထောင်နိုင်ရေး လမ်းပြပေးတဲ့ “အလုပ်လမ်းညွှန်”ဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်လေ့လာဖို့ လီနင်ရဲ့ အပြောင်မြောက်ဆုံး လက်ရာတခုဖြစ်တဲ့ နိုင်ငံတော်နှင့် တော်လှန်ရေး စာအုပ်၊ အခန်း(၅) ကို ညွှန်းပါတယ်။